အထက်မင်းလှ ဒီဇင်ဘာ ၁၄
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယနေ့နံနက်(၉)နာရီက မလွန်အခြေခံပညာအထက်တန်းကျောင်း၊ မြဧရာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် မလွန်အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးဦးမောင်မောင်လွင်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်ဇာဇာငြိမ်းက ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဆိုတဲ့ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ လူငယ်များအတတ်ပညာနှင့်ကျင့်ဝတ်တန်ဖိုးမြှင့်တင်ပေးရန်၊ စကားပြောအတတ်ပညာများ တတ်မြောက်ပြီးလူအများရှေ့တွင် ရဲဝံ့စွာပြောဆိုတတ်စေရန်၊ လူငယ်အချင်းချင်းတစ်ဦးနှင့်တစ်ဦးရင်းနှီးခင်မင်ကာ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ အလေ့အကျင့်ကောင်းများရရှိစေရန်၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာပညာရပ်သာမက ပြင်ပစာအုပ်စာပေတို့ကိုလေ့လာခြင်းဖြင့် အသိပညာများဖွံ့ဖြိုးပြီး နိုင်ငံ့သားကောင်းလူငယ်များဖြစ်လာစေရန် ရည်ရွယ်၍ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ လူငယ်ကားဝိုင်းကိုကျင်းပရာ Grade-10 နှင့် Grade-11 ကျောင်းသား၊ ကျောင်းသူများ (၆)ဦးတို့ကဆွေးခဲ့ကြရာ Grade-10 ကျောင်းသားမောင်အောင်ပြည့်စုံက“လူငယ်နှင့်ပညာရေး”၊ Grade-11 မယုဇနဝင်းက “လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး”၊ Grade-11 ကျောင်းသူ မမေဦးလွင်က “လူငယ်နှင့်ကြီးပွားရေး”၊ Grade-11 ကျောင်းသူ မဖြူဖြူအေးချမ်းက “လူငယ်နှင့်ကျန်းမာရေး" Grade-10 ကျောင်းသူ မစမ်းစမ်းမိုးက"လူငယ်နှင့်ယဉ်ကျေးမှုတန်ဖိုး”၊ Grade-11 ကျောင်းသားမောင်တင်ထူးအောင်က “လူငယ် နှင့်ခေါင်းဆောင်မှုကဏ္ဍ”စသည့်ခေါင်းစဉ်တို့ဖြင့် ၎င်းတို့ဖတ်ရှုလေ့လာထားသည်များကို ဆွေးနွေးကြရာ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများကသိလိုသည်များကို ပူးပေါင်းပါဝင်မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။ ဇာဇာ(အထက်မင်းလှ)