မြို့သစ် ဒီဇင်ဘာ ၁၄
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် လူငယ်များဗလငါးတန်နှင့်ပြည့်စုံပြီးဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက်(၉)နာရီက မြို့သစ်မြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာအမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီးဒေါ်နွဲ့နွဲ့ရီကအမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဝင်းအိဇွန်က ယခုလိုစကားဝိုင်းပြုလုပ်ရခြင်းသည် လူငယ်တွေအသိပညာပိုမိုတိုးတက်လာစေရန်နှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်၊ လူအများရှေ့တွင်ပြောရဲဆိုရဲသည့် သတ္တိများရှိလာစေရန်၊ လူငယ်များအချင်းချင်းအသိပညာများကို တစ်ဦးနဲ့တစ်ဦးဖလှယ်နိုင်စေရန်၊ ယဉ်ကျေးမှုများရှိပြီးပူးပေါင်းဆောင်ရွက်တတ်စေရန်ရည်ရွယ်၍ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း"ပြောကြားခဲ့သည်။
ထို့နောက်လူငယ်စကားဝိုင်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ဝင်းအိဇွန်ကဦးဆောင်ဆွေးနွေးကာ ကျောင်းသား၊ ကျောင်းသူ(၄)ဦးတို့က "လူငယ်နှင့်ကြီးပွားရေး၊ လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်စာဖတ်ခြင်းအကျိုးကျေဇူး"အစရှိသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့သည်။
ဆက်လက်၍တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့သိရှိလိုသည်များ မေးမြန်းဆွေးနွေးရာသက်ဆိုင်ရာခေါင်းစဉ်အလိုက် ပြန်လည်ဆွေးနွေးကြကြောင်းသိရသည်။
အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ဆရာ/ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူစုစုပေါင်း(၂၀၀)ဦးခန့်တက်ရောက်ကြောင်း သိရသည်။
သန်းဝင်းထွန်း( ပြန်ဆက်)