ဘားအံမြို့၌ (၇၅)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲနှင့်  ကာယ၊ ဉာဏပြိုင်ပွဲများ ပြုလုပ်

ဘားအံ ဒီဇင်ဘာ ၁၄

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို  အသိပညာပေး ဟောပြောပွဲနှင့်  ကာယ၊ ဉာဏ ပြိုင်ပွဲများကို ဘားအံခရိုင်၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယနေ့နံနက်(၁၀:၀၀)နာရီ အချိန်ခန့်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့  ပူးပေါင်း၍ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက လွတ်လပ်ရေးရဖို့အတွက် ကြိုးပမ်းအားထုတ်ခဲ့ရပုံများ၊ မြန်မာနိုင်ငံ လွတ်လပ်ရေးရသည်မှာ (၇၅)နှစ် ရှိပြီဖြစ်ပါကြောင်း၊ လွတ်လပ်ရေးဟူသည်ကား မြတ်နိုးတန်ဖိုးထားစရာ အမှန်ပင်ဖြစ်ပါကြောင်း၊ လွတ်လပ်ရေးကို တန်ဖိုးထားထိန်းသိမ်း စောင့်ရှောက်ကြစေလိုကြောင်း စသည်တို့ကို အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက်  (၇၅)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို  ကာယ၊ ဉာဏဖွံ့ဖြိုးစေမည့်  ကစားနည်းပြိုင်ပွဲများဖြစ်သည့် မုန့်ကိုက်ပြိုင်ပွဲ၊ ဖယောင်းတိုင်ရေဘူးထည့်ပြိုင်ပွဲ၊ ဘောလုံးဇွန်းကိုက်ပြိုင်ပွဲနှင့် ပန်းကန်ရွက်ပြိုင်ပွဲ စသည်တို့ကို ပြုလုပ်ပေးခဲ့ရာ ဘားအံမြို့နယ်အတွင်းရှိ အမှတ်(၄)အခြေခံ ပညာမူလတန်းလွန်ကျောင်းမှ ကျောင်းသား/သူများ ဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)