လှိုင်းဘွဲမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ဥပဒေဆိုင်ရာများနှင့်ပတ်သက်၍ သိရှိနိုင်စေရန်အတွက် အသိပညာပေးဟောပြောပွဲကျင်းပ

လှိုင်းဘွဲ ဒီဇင်ဘာ ၁၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ၊ မူးယစ်ဆေးဝါးအန္တရာယ်များနှင့် ဥပဒေဆိုင်ရာများကို သိရှိလိုက်နာစေရန်အတွက် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉)နာရီခွဲအချိန်က အမှတ်(၃)၊ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ဆောင်ရွက်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ရဲတပ်ဖွဲ့ ယာရီရဲမှူးသိန်းထွန်းက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိအနာဂတ်ပညာရေးအတွက် ကြိုးစားဆောင်ရွက်ရာတွင် အဟားအတားဖြစ်စေသော ဂိမ်းကစားခြင်းများကို ဆော့ကစားခြင်းမပြုလုပ်ကြရန်၊ ဂိမ်းကစားခြင်းဖြင့် ဦးနောက်အာရုံကျောထိခိုက်ခြင်း၊ ဉာဏ်ထိုင်းခြင်း၊ မျက်စိမှုံခြင်း၊ ကျန်းမာရေးထိခိုက်စေခြင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ၊ မူးယစ်ဆေးဝါးသုံးစွဲကြောင့် ဖြစ်ပေါ်လာနိုင်သည့်ဆိုးကျိုးများ၊ ပြစ်မှုပြစ်ဒဏ်များကို အသိပညာပေးဟောပြောခဲ့ပြီး မြို့နယ်ဥပဒေအထောက်အကူပေးရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ငွေက လှိုင်းဘွဲမြို့နယ်အတွင်း မြို့နယ်ဥပဒေအထောက်အကူပေးရေးအဖွဲ့မှ ဆောင်ရွက်နေသည့်လုပ်ငန်းများ၊ ဥပဒေဆိုင်ရာသိသင့်သိထိုက်သည့်အကြောင်းအရာများ၊ လိုက်နာဆောင်ရွက်ရမည့်အချက်များကို အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ပညာရေးဖွံ့ဖြိုးတိုးတက်ခြင်း၊ ကျန်းမာရေးလုပ်ငန်းများ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ ကလေးအလုပ်သမားပပျောက်ရေး စသည့်အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကိုမေးမြန်းခဲ့ကာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရသည်။

စောဒိ