မအူပင် ဒီဇင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်တွင် နယ်မြေစိုးမိုးရေးအတွက် စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ကျေးရွာအတွင်းရှိ ရပ်မိရပ်ဖများ၊ ပြည်သူများ တွေ့ဆုံပွဲကို ကျွဲဂတ်ကျေးရွာအုပ်စု ဇေယျသိဒ္ဓိမင်္ဂလာကျောင်းတိုက် ဓမ္မာရုံနှင့် ငါးဖယ်အိုကျေးရွာ အုပ်စု ဇဗ္ဗူဒီပကျောင်းတိုက် ဓမ္မာရုံတို့၌ ယမန်နေ့နံနက်ပိုင်းက ကျင်းပဆောင်ရွက်ခဲ့သည်။
တွေ့ဆုံဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများမှ တရားဥပဒေစိုးမိုးရေး၊ နယ်မြေလုံခြုံရေး၊ မှုခင်းလျော့နည်းကျဆင်းရေး၊ နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်းများ လွယ်ကူစွာပြုလုပ်နိုင်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဒေသဖွံ့ဖြိုးရေး စသည့်လုပ်ငန်းကိစ္စရပ် အသီးသီးအား သက်ဆိုင်ရာဌာနများအလိုက် ရှင်းလင်းဆွေးနွေး ပြောကြားပြီး တက်ရောက် လာကြသည့် ပြည်သူများက သိရှိလိုသည်များအား မေးမြန်းရာ သက်ဆိုင်ရာ ဌာနအလိုက် ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ မအူပင်မြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်ဝိုင်းသက်ဦး၊ ဒုတိယ မြို့နယ်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးသိန်းဇော် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့် ပြည်သူများ တက်ရောက်ခဲ့ကြပြီး တက်ရောက် လာသော ပြည်သူများအား ဆန်များလှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)