သနပ်ပင် ဒီဇင်ဘာ ၁၄
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် လူငယ်များဗလငါးတန်ပြည့်စုံစေရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့ နံနက်(၁၀)နာရီအချိန်က အခြေခံပညာအထက်တန်း(မင်းရွာ)ကျောင်းအောင်ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အထက(မင်းရွာ)ကျောင်းအုပ်ဆရာမကြီးဒေါ်ချိုတူးမှ အမှာစကားပြောကြားရာတွင် ယခုလိုစကားဝိုင်းပြုလုပ်ပေးသည့်အတွက် ကျောင်းသားလူငယ်များအချင်းချင်း အသိပညာဗဟုသုတများတိုးပွားလာစေပြီး၊ စဉ်စားတွေးခေါ်မှု တိုးတက်မြင့်မားလာစေကြောင်း၊ လစဉ်အခြေခံပညာကျောင်းများ၌ ပြုလုပ်ပေးစေလိုကြောင်းပြောကြားခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိဒေါ်ညိုပြာမှလူငယ်စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး အထက(မင်းရွာ)ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုတူးကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ဆက်လက်၍ လူငယ်စကားဝိုင်းစတင်ခဲ့ရာ ခေါင်းဆောင် ဆွေးနွေးသူအဖြစ် အထက(မင်းရွာ)ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုတူး၊ အထက်တန်းပြဆရာမ ဒေါ်ဆွေဆွေမာ၊ အလယ်တန်းပြဆရာမ ဒေါ်စန်းစန်းအေး၊ အထက(မင်းရွာ)Grade(11)မှ မဇူးဇူးမြတ်၊ Grade(10)မှ မောင်သူရိန်ဝင်းတို့က လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်မူးယစ်ဆေးအစရှိသည့် ခေါင်းစဥ်ပါအကြောင်း အရာများကို ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့သိရှိလိုသည်များ မေးမြန်းဆွေးနွေးရာ သက်ဆိုင်ရာခေါင်းစဉ်အလိုက် ပြန်လည်ဆွေးနွေးကြကြောင်း သိရသည်။ အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ ၊ အထက (မင်းရွာ) ကျောင်းအုပ်ဆရာမကြီးဒေါ်ချိုတူးနှင့် ဆရာဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများစုစုပေါင်း( ၂၀၀)ဦး တက်ရောက်ကြကြောင်း သိရှိရသည်။
လှမိုး(ပြန်/ဆက်)