ဗန်းမောက်မြို့၌ စာဖတ်ဝိုင်းဆွေးနွေးပွဲဆောင်ရွက်

ဗန်းမောက် စက်တင်ဘာ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့၌ မြို့နယ်အတွင်းရှိ စာပေချစ်သူများနှင့် လူငယ်လူရွယ်များ စာပေဖတ်ရှုတတ်သည့် အလေ့အထကောင်းများ ရရှိလာစေရန်နှင့် ဆွေးနွေး ပြောဆိုတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ (၃)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Center) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မေသူဟန်က မြို့နယ်အတွင်းရှိ စာပေချစ်သူများနှင့် လူငယ်လူရွယ်များ အပြန်အလှန် ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ၊ ဆွေးနွေးသည့်စာအုပ်ပါ အကြောင်းအရာများ အပြင် မိမိတို့လေ့လာဖတ်ရှု့မှတ်သားထားသည့် အခြားအသိပညာ ဗဟုသုတရဖွယ် အကြောင်းအရာများကိုပါ ဆွေးနွေးပြောဆိုတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် အတွက် ရည်ရွယ်၍ စာဖတ်ဝိုင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ် Book Club အဖွဲ့ဝင် ဒေါ်ကြည်ကြည်ဝင်းက စာရေးဆရာ လောကသစ္စာ ရေးသားသည့် “သင်စိတ်ညစ်နေရင်ဖတ်ဖို့” စာအုပ်ပါအကြောင်းအရာများကို ဦးဆောင် ဆွေးနွေးခဲ့ပြီး စာဖတ်ဝိုင်းသို့ Book Club အဖွဲ့ဝင်များနှင့် စာပေချစ်သူများက တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မေသူ(ဗန်းမောက်)