လှိုင်းဘွဲ ဒီဇင်ဘာ ၁၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ကြာအင်းကျေးရွာတွင် ကရင်အမျိုးသားနှစ်သစ်ကူး နေ့ထူးနေ့မြတ် အထိမ်းအမှတ်အဖြစ် ကရင်အမျိုးသားအားလုံးတို့၏ ရိုးရာယဉ်ကျေးမှုတစ်ခုဖြစ်သော ဒုံးအကပြိုင်ပွဲကို ယမန်နေ့က ကြားအင်းကျေးရွာ ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မဲဆမိတ်ကျောင်းဆရာတော် အရှင်စန္ဒရက ကရင်အမျိုးသားများအားလုံးအနေဖြင့် မိမိတို့၏ယဉ်ကျေးမှု၊ စာပေ၊ ဘာသာစကား၊ ရိုးရာစလေ့များကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့်ဒုံးအကပြိုင်ပွဲဝင် လူငယ်များအနေဖြင့် မိမိ၏ ဒုံးအကများကို ပိုမိုအဆင့်မြင့်တင်လာစေရန်အတွက် ကြိုစားယှဉ်ပြိုင်ကြရန် ဩဝါဒမိန့်ကြားခဲ့ပြီး ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ဖြစ်မြောက်ရေးကော်မတီများနှင့် ဒုံးအက ပြိုင်ပွဲ ဖြစ်မြောက်ရေးကော်မတီဝင်များက ဒုံးအကပြိုင်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်၊ သတ်မှတ်ချက်များ၊ လိုက်နာရမည့် စည်းမျဉ်း စည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။
ကရင်အမျိုးသားနှစ်သစ်ကူး နေ့ထူးနေ့မြတ် အထိမ်းအမှတ်အဖြစ် ဒုံးအကပြိုင်ပွဲကို အကြီးတန်းအဖွဲ့ (၁၂)ဖွဲ့နှင့်အငယ်တန်းအဖွဲ့(၂၀)ဖွဲ့ စုစုပေါင်းအဖွဲ့(၃၂)ဖွဲ့ကို ဒီဇင်ဘာလ(၁၃)ရက်နေ့မှ ဒီဇင်ဘာလ(၂၁) ရက်နေ့ အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
စောဒိ(ပြန်/ဆက်)