လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ်ဟောပြောပွဲနှင့် စာပေပြိုင်ပွဲများပြုလုပ်

လိပ်သို  ဒီဇင်ဘာ  ၁၄                               

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ်ဟောပြောပွဲနှင့် စာပေပြိုင်ပွဲများကို ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း သဇင်ဆောင်ခန်းမ၌ ယမန်နေ့နံနက် (၁၁) နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး နော်ဂျိုဝါးနာက လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် ချုပ်ဆိုခဲ့သော စာချုပ်များအကြောင်းကို ဟောပြောခဲ့ပြီး လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က  စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ကျောင်းသား/ကျောင်းသူများအား စာပေကိုချစ်မြတ် နိုးစေရန်၊ ပြည်သူ့စာကြည့်တိုက်အား  အများပြည်သူ ဝင်ထွက်သွားလာနိုင်သည့် နေရာ၊  ပညာဗဟုသုတ ရှာမှီးရာနေရာတစ်ခုအဖြစ်  သိရှိစေရန်နှင့် မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ် များကို ကျောင်းသား/ကျောင်းသူလေးများအနေဖြင့် အစဉ်အမြဲအောက်မေ့စေရန်၊ နေ့ထူးနေ့မြတ်များအကြောင်း  ဗဟုသုတရရှိစေလိုကြောင်း ဟောပြောခဲ့သည်။

ဆက်လက်၍ ကျောင်းသား/ကျောင်းသူများက (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို အသိပညာပေးနံရံကပ် စာစောင်များ၊ အထွေထွေဗဟုသုတ သိမှတ်စရာများ အသိပညာပေး နံရံကပ်စာစောင်များကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်းနှင့်  စာပေပြိုင်ပွဲများဖြစ်သည့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ကာတွန်းပိုစတာ ပြိုင်ပွဲများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)