အိမ်မဲ ဒီဇင်ဘာ ၁၄
နိုင်ငံတော်မှ လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတကာနှင့်အညီ ပညာရေးကဏ္ဍကို အထူးအလေးပေး ဖော်ဆောင်ပေးလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပစာပေ ဗဟုသုတများ ကြွယ်ဝစေရန်၊ လူငယ်လူရွယ် ကျောင်းသား၊ ကျောင်းသူများအား ဘက်စုံထူးချွန် ဖွံ့ဖြိုးတိုးတက်စေရန်၊ ဘဝရည်မှန်းချက်ပန်းတိုင်များ ကောင်းမွန်စွာ လျှောက်လှမ်းနိုင် ကြစေရန် ရည်ရွယ်ချက်တို့ဖြင့် ယမန်နေ့နံနက် ၁၀နာရီ၃၀မိနစ်တွင် အ.ထ.က(၁) ကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပညာရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီ အသင်းတို့က ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ဆောင်ရွက်ခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် အ.ထ.က(၁)ကျောင်းအုပ်ဆရာကြီး ဦးမောင်မောင်စိုးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က လူငယ်နှင့်စာဖတ်ခြင်း၊ လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေးခေါင်းစဉ်၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်အိအိမျိုးက လူငယ်နှင့်အားကစား၊ အားကစားနည်း (၄)မျိုးအကြောင်း၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဒေါ်စန်းယုရွှေက ကြက်ခြေနီအကြောင်း သိကောင်းစရာခေါင်းစဉ်နှင့် မြို့နယ် စားသုံးသူရေးရာ ဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးလေးလွင်က စားသုံးရန်မသင့်သော အစားအစာများ ခေါင်းစဉ်များဖြင့် အသီးသီးအကျယ်တဝင့် ဟောပြောခဲ့ကြသည်။
ထို့နောက် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို လွတ်လပ်ရေးနှင့် သက်ဆိုင်သော နံရံကပ်စာစောင်များကို မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝေဝေဆာဆာ ပြသထားရှိရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှု ခဲ့ကြသည်။
ဆက်လက်ပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်အိအိမျိုးက အ.ထ.က (၁) ကျောင်းအုပ်ဆရာကြီးထံသို့ အားကစားပစ္စည်းများ လှူဒါန်းပေးခဲ့ပြီး ကျောင်းသား ကျောင်းသူများ ကျန်းမာကြံ့ခိုင်စေရေးအတွက် Myanmar Fitness Dance အကဖြင့် လေ့ကျင့် သင်ကြားပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွင်စွာ လိုက်ပါကစားခဲ့ကြသည်။
အဆိုပါ ဟောပြောပွဲသို့ အ.ထ.က (၁)ကျောင်းမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၁၀၀) ဦးကျော်မှ စိတ်ပါဝင်စားစွာ တက်ရောက်နားထောင်ခဲ့ကြကြောင်း သိရသည်။
ချစ်သက်လယ်(အိမ်မဲ)