ဖားဆောင်း စက်တင်ဘာ ၂၂
ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်နှင့် မော်ချီးဒေသရှိ ကျေးရွာနေ ပြည်သူလူထုများအား လှုပ်လှုပ်ရှားရှား အားကစားအစီအစဉ် EM(Exercise is Medicine) ကို စိတ်ဝင်စားလာစေရန်နှင့် ကိုယ်လက်လှုပ်ရှားအားကစား ပုံမှန် ဆောင်ရွက်ကြခြင်းဖြင့် ရောဂါဘယများ ကြိုတင် ကာကွယ်နိုင်စေရန် ရည်ရွယ်၍ လှုပ်လှုပ်ရှားရှား အားကစား အစီအစဉ်ဖြင့် အားကစားပစ္စည်းများကို မြို့နယ်တွင်းရှိ ကျေးရွာပြည်သူလူထု အဖွဲ့အစည်းများထံသို့ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဖားဆောင်းမြို့နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာန၊ မြို့နယ် အားကစားမှူး ဦးကျော်ဇင်ထက်နှင့် ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက နန်းကစ်ကျေးရွာ၊ ပါပုကျေးရွာ၊ ဖားဆောင်းတောင်ပေါ်ကျေးရွာ၊ နှစ်ခြင်းဘုရားကျောင်း၊ စိန်ဂျိုးဇက်ဘော်ဒါဆောင်၊ ခဲမဖြူကျေးရွာ၊ နန်းဟူးကုန်းကျေးရွာ၊ ဝမ်အောင်းကယားကျေးရွာတွင်းရှိ အားကစားလှုပ်ရှားနေသည့် နေရာများသို့ ပိုက်ကျော်ခြင်း (ခြင်းလုံးနှင့်ပိုက်)၊ ဘောလီဘော(ဘောလုံးနှင့်ပိုက်) အစရှိသည် တို့ကို လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်းနှင့် အလားတူ ယမန်နေ့ကလည်း မော်ချီးဒေသရှိ လိုခါလိုကျေးရွာ၊ မော်ချီးအောက်ရွာတို့တွင်လည်း လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
နန်းသဲနုအောင်(ဖားဆောင်း)