ကျောက်တံခါး ဒီဇင်ဘာ ၁၄
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတို့ပူးပေါင်း၍ အခြေခံပညာအထက်တန်း(အင်ကုန်း)ကျောင်း ပညာရတနာခန်းမတွင် ယနေ့နံနက် (၁၀)နာရီအချိန်က “လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ” ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရတနာလှိုင်က ကျောင်းသား ကျောင်းသူ လူငယ်များအနေဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အမှားအမှန် ဝေဖန်ပိုင်းခြားတတ်စေရန်၊ အကျင့်စာရိတ္တကောင်းမွန်စေရန်၊ ရည်မှန်းချက်များ ထားရှိတတ်ကြစေရန်၊ ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှား အားကစားများ ပြုလုပ်ဆောင်ရွက်နိုင်စေရန်၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရန်စသည့်ဖြင့် အမှာစကားပြောကြားခဲ့သည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စန်းတင့်က စာဖတ်ခြင်း၏အကျိုးကျေးဇူးအကြောင်း ဟောပြောပြီး အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူး ဒေါ်မိုးသူဇာက အားကစားသိပ္ပံအကြောင်း သိကောင်းစရာခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။ ဆက်လက်၍ အားကစားပစ္စည်းများအား ထောက်ပံ့ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူခဲ့သည်။
ဆက်လက်၍ နည်းစနစ်မှူး ဒေါ်မိုးသူဇာက ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများအား သရုပ်ပြကစားပြသရာ ကျောင်းသားကျောင်းသူလေးများက လိုက်ပါကစားခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)