တောင်ငူ ဒီဇင်ဘာ ၁၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ ယနေ့ နံနက်ပိုင်းက တောင်ငူမြို့ အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်း ဆရာကွန်းခန်းမ၌`` လူငယ်စကားဝိုင်း ´´ ကျင်းပသည်။
ရှေးဦးစွာ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီလွင်စိုးက အဖွင့်အမှာစကားပြောကြားပြီး တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေမိုးက `` လူငယ်စကားဝိုင်း ´´ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ `` လူငယ်စကားဝိုင်း ´´ ကို ကျင်းပရာဦးဆောင်ဆွေးနွေးသူအဖြစ် ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်သူဇာဝင်း၊ တွဲဖက်ဦးဆောင်ဆွေးနွေးသူအဖြစ် အမှတ်(၂)အထက်တန်းကျောင်း အထက်တန်းပြ ဆရာမ ဒေါ်ဝင်းဝင်းမော်တို့က ဆောင်ရွက်ပြီး ပါဝင်ဆွေးနွေးသူများအဖြစ် အမှတ်(၂) အခြေခံ ပညာအထက်တန်းကျောင်း Grade ( 10) C မှမောင်ဇော်ကိုထက် က `` လူငယ်နဲ့ရည်မှန်းချက် ´´ ၊ Grade 10 (D) မှ မထက်မြတ်နိုင်က `` လူငယ်နဲ့ စာရိတ္တ ´´ ၊ Grade (11) B မှ မောင်အေးချမ်းအောင် က `` လူငယ်နဲ့ ပေါင်းသင်းဆက်ဆံရေး ´´ ၊ Grade (11) A မှ မောင်အောင်ကျော်စွာဝင်း က `` လူငယ်နဲ့ ကျန်းမာရေး ´´ ၊ Grade (11) B မှ မရတီခင်က `` လူငယ်နဲ့ ကြီးပွားရေး ´´ ၊ Grade (10)B မှ မရွှေယမုံဖူး က `` လူငယ်နဲ့စာဖတ်ခြင်း ´´ စသည့်ခေါင်းစဉ်တို့ကို တစ်ဦးချင်းအလိုက် ဆွေးနွေးကြသည်။ ဆက်လက်၍တက်ရောက်ကြသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည့် မေးမြန်းချက်များအား ဦးစီးအရာရှိ ဒေါ်ခင်သူဇာဝင်း၊ ဆရာမ ဒေါ်ဝင်းဝင်းမော်နှင့် ပါဝင်ဆွေးနွေးသည့် ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ စကားဝိုင်းသို့ အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာ/ ဆရာမများ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၃၀၀)ဦး တက်ရောက်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန်၊ လူငယ်အချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ ကိုယ်ကျင့်တရားကောင်းမွန်သည့် လူတော်၊ လူကောင်းများဖြစ်လာစေရန်၊ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဘက်စုံထူးချွန်ထက်မြတ် သော အနာဂတ် လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်ကာ ကျင်းပခဲ့ကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်