ကော့ကရိတ်၊ စက်တင်ဘာ ၂၂
ကော့ကရိတ်မြို့တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သည့်အနေဖြင့် ဌာနဆိုင်ရာများပူးပေါင်း၍ အခြားဒေသများမှ လာရောက်သည့် ခရီးသွားဧည့်သည်များ၊ ကုန်တင်ကားကြီးများအား ယမန်နေ့က မြို့ဝင်/မြို့ထွက်ဂိတ်များတွင် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကုန်စည်များ စီးဆင်းမှုမထိစေရေးအတွက် ကုန်တင်ကားကြီးများ၊ ယာဉ်လိုင်းကားများ၊ မော်တော်ယာဉ်ငယ်များကို စစ်ဆေးရေးဂိတ်များတွင် စစ်ဆေးပြီးကြောင်း လက်မှတ်ယူပြီးမှသာ မြို့ တွင်းသို့ ကုန်တင်/ကုန်ချခွင့်ပြုခြင်းကို ဆောင်ရွက်လျက်ရှိပါသည်။
အဆိုပါစစ်ဆေးသည့်ဂိတ်များမှ ဝင်ရောက်ခြင်းမပြုဘဲ စစ်ဆေးရေးဂိတ်များကို ရှောင်ကွင်းပြီး ဝင်လာသည့် ခရီးသည်များနှင့် မော်တော်ယာဉ်များနှင့် ကုန်တင်ကားများကို သက်ဆိုင်ရာ အိမ်နီးချင်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ သတင်းပေးပို့ အကြောင်းကြားကြရန်နှင့် ဥပဒေ နှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် စစ်ဆေးမှုများကို ပိုမိုထိရောက်စေရန် မြို့အဝင်ဂိတ်များဖြစ်သော ကြက်ခြံတံတားနှင့် ဦးကျော်သောင်း ဆီဆိုင်နားဂိတ်၊ လမ်းသစ်လမ်းဆုံ (ဘုန်းကြီးကျောင်းလမ်းဆုံဂိတ်)၊ ကမိုင်ကုန်းလမ်းဆုံဂိတ်၊ ကျိုက်ဒုံလမ်းဆုံဂိတ်နှင့် ပုလဲဖြူ လူမှုကယ်ဆယ်ရေး လမ်းဆုံဂိတ်တို့တွင် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ကျော်စိုးလွင်