သရက် ဒီဇင်ဘာ ၁၄
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ကလေးသူငယ် အခွင့်အရေးဆိုင်ရာကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကလေးသူငယ် အခွင့်အရေးဆိုင်ရာကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ကျောင်းအုပ်ဆရာမ ဒေါ်သင်းသင်းခိုင်က ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ ကော်မတီကိစ္စနှင့် သက်ဆိုင်သော ကလေးသူငယ် အခွင့်အရေးများအကြောင်းအား အသေးစိတ် ရှင်းလင်းပြောကြားရာတွင် လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် လုပ်ငန်းကြီး (၇) ရပ်ချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများတွင် သရက်မြို့၌ မူလတန်းကြိုကျောင်း ဖွင့်လှစ်ထားရှိပြီး အသက်(၃)နှစ်မှ (၅)နှစ်အရွယ် ကလေးသူငယ်များအား ရုပ်ပိုင်း/စိတ်ပိုင်းဆိုင်ရာများ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် ECCD နည်းစနစ်နှင့်အညီ စနစ်တကျ ပြုစုပျိုးထောင်ပေးလျက်ရှိကြောင်း၊ ကျောင်းတွင်း ကာယဉာဏစွမ်းရည်ပြိုင်ပွဲများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သရက်မြို့ မူလတန်းကြိုကျောင်းတွင် ကျောင်းသား (၆၀)ကျော်အား လူမှုဝန်ထမ်းဦးစီးဌာနမှ ကလေးငယ် တစ်ဦးလျှင်(၅၀၀)နှုန်းဖြင့် ထောက်ပံ့ကျွေးမွေးလျက်ရှိကြောင်း၊ ကျန်းမာရေးထောက်ပံ့မှုများ၊ ပြစ်မှုကျူးလွန်ကြောင်း စွပ်စွဲခံရသူနှင့် ပြစ်မှုကျူးလွန်းခြင်းခံရသူ ကလေးသူငယ်များကိုလည်း ကလေးသူငယ်အခွင့်အရေးများ မဆုံးရှုံးစေရန် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျန်းမာရေး၊ ပညာရေးကိစ္စရပ်များတွင်လည်း သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိသည့် အတွက် ကော်မတီအဖွဲ့ဝင်များအနေဖြင့် ပူးပေါင်းပါဝင်ပေးစေလိုကြောင်း၊ အသိပညာပေး ဟောပြောပွဲ များနှင့် ဆွေးနွေးပွဲများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်း ဆွေးနွေးပြီး တက်ရောက်လာသော ကော်မတီအဖွဲ့ဝင်များနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ လုပ်ငန်းစဉ်များ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်း ပေးခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်