ရှမ်းရွာသစ် ဒီဇင်ဘာ ၁၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြိုအထိမ်းအမှတ် မူလတန်းအဆင့် ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက်(၁၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်ဇင်မိုးအေးက မြန်မာနိုင်ငံ၏နေ့ထူးနေ့မြတ်များကို ကျောင်းသား/သူလေးများအနေဖြင့် အစဉ်အမြဲအောက်မေ့စေရန်၊ နေ့ထူးနေ့မြတ်များအကြောင်း ဗဟုသုတရရှိစေရန်နှင့် စဉ်းစားတွေးခေါ်မှုအားကောင်းစေရန် ရည်ရွယ်ချက်များဖြင့် ပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီးနောက် မုန့်ကိုက်ပြိုင်ပွဲ၊ ရေဘူးဖြည့်ပြိုင်ပွဲနှင့် သားရေကွင်းကော်ပြိုင်ပွဲများ ဆက်လက်ဆောင်ရွက်ပေးခဲ့ရာ အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား/သူ (၃၀)ဦးပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကိုလည်း အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲများနှင့် အားကစားပြိုင်ပွဲများကိုလည်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇင်လေး