မြို့သစ်မြို့နယ်တွင် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေများ အသိပညာပေးရှင်းလင်း

မြို့သစ် ဒီဇင်ဘာ ၁၄

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဉပဒေများ အသိပေးရှင်းလင်းပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အသိပေးရှင်းလင်းပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးကျော်ဝင်းထက်က ၂၀၁၄ ခုနှစ် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဉပဒေနှင့် ၂၀၂၂ခုနှစ် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဉပဒေသစ်တွင် ပါဝင်သည့် အချက်များ၊ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းနှင့် သက်တမ်းတိုးခြင်းဆိုင်ရာ ကိစ္စရပ်များ၊ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းနှင့် ပတ်သက်၍ ပြစ်မှုပြစ်ဒဏ်များ၊ လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် အသင်းအဖွဲ့၏ တံဆိပ်၊ အမှတ်အသား၊ ဝတ်စုံဒီဇိုင်းများကို အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် ရပ်ကွက်/ကျေးရွာ အုပ်စုများရှိ အသင်းအဖွဲ့ ဉက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ အဖွဲ့ဝင်များက ၄င်းတို့ လုပ်ကိုင်ဆောင်ရွက်နေသည့် အသင်းအဖွဲ့၏ အခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ၊ သိရှိလိုသည်များကို   ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဝင်းအိဇွန်(ပြန်/ဆက်)