လိပ်သို ဒီဇင်ဘာ ၁၄
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြိုအထိမ်းအမှတ်အဖြစ် ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်က အနာဂတ်မျိုးဆက်သစ်ကျောင်းသားလူငယ်များအား (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြိုအထိမ်းအမှတ် ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲတို့ကို ကျင်းပပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ လိပ်သိုမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးစောမြတ်ကျော်က မြန်မာနိုင်ငံလွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် သိကောင်းစရာများ၊ စာပေကိုစိတ်ဝင်စားမှုနှင့် စာဖတ်သည့်အလေ့အကျင့်ရှိစေရန်လိုအပ်ကြောင်း၊ ကျောင်းနေအရွယ်ကလေးဘဝမှစတင်ကာ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များရှင်သန်ထက်မြတ်လာစေရေး၊ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲစေဖို့ တိုင်းရင်းသားစည်းလုံးညီညွတ်ခြင်းဖြင့် ကာကွယ်ဆောင်ရွက်သွားကြရန် သိမှတ်ဖွယ်ရာများအား အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် တက်ရောက်လာသော ကျောင်းသား/ ကျောင်းသူများက (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြိုအထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များ ပြသဆောင်ရွက်ထားရှိမှုများကို စိတ်ဝင်တစားလေ့လာကြည့်ရှု ခဲ့ကြကြောင်း သိရသည်။
လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများအသိပညာဗဟုသုတရရှိစေရန် (Talk Show) များဆောင်ရွက်ခြင်း၊ သုတ/ရသ စာအုပ်၊ စာစောင်များ အခမဲ့ငှါးရမ်းပေးခြင်း၊ ကလေးငယ်များအတွက် ပြပွဲ/ပြိုင်ပွဲများ ကျင်းပပေးခြင်း တို့ကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခင်လေးနွယ်