ညောင်တုန်းမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) ရန်ပုံငွေပေးအပ်ပွဲ အခမ်းအနားကျင်းပ

ညောင်တုန်း ဒီဇင်ဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) ရန်ပုံငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀နာရီအချိန်က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။

အခန်းအနားတွင် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စိုးစိုးမြင့်က နိုင်ငံတော်စီမံကိန်းဖြစ်သည့် ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးမည့် ကျေးရွာများအနက် မြစိမ်းရောင် ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ)ရန်ပုံငွေ ရရှိသော ကျေးရွာများရှိ တောင်သူများအနေဖြင့် စီမံကိန်းမတည်ရန်ပုံကို အကျိုးရှိစွာအသုံးချပြီး ဆီထွက်သီးနှံများကို စိုက်ပျိုး၍ စီမံကိန်းအောင်မြင်အောင် ဆောင်ရွက်ကြရန် အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး​ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးက ဆီထွက်သီနှံ စိုက်ပျိုးရန် လိုအပ်သည့် မျိုးစေ့၊ သွင်းအားစုနှင့် စိုက်ပျိုးစရိတ်ဆိုင်ရာ အသုံးစရိတ်များအတွက် အတိုးနှုန်းသက်သာစွာ အရင်းမပျောက် မတည်ရန်ပုံ‌ငွေအဖြစ် ကူညီပံ့ပိုးပေးမှုအပေါ် တောင်သူများအနေဖြင့် အကျိုးရှိစွာ တန်ဖိုးထားအသုံးပြုရန်နှင့် စီမံကိန်းအောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများမှ လိုအပ်သည့်အကူအညီများကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန် ပြောကြပြီး မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ) ဆောင်ရွက်မည့် တူးချောင်းကျေးရွာ အုပ်စုနှင့် ဆားမလောက် ကျေးရွာအုပ်စုရှိ ကော်မတီဝင်များထံသို့ စီမံကိန်းရန်ပုံငွေစုစု‌ပေါင်း ငွေကျပ်သိန်း(၄၀၀)ကို လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။

ထက်ဝေဖြိုး(ပြန်ဆက်)