စစ်ကိုင်း ဒီဇင်ဘာ ၁၄
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်သဘာဝပတ်ဝန်ကျင် ထိန်းသိမ်းရေး ဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် “ပလပ်စတစ် ညစ်ညမ်းမှု” မဖြစ်စေရေး အသိပညာပေး Talk Show ကျင်းပဆောင်ရွက်ခြင်းကို အဆိုပါရုံးရှိ လူထု အခြေပြုဗဟိုဌာန၌ ယမန်နေ့၊ မွန်းလွဲ(၃)နာရီက ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေဇင်မိုးက Talk Show ကျင်းပဆောင်ရွက်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီး ခရိုင်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အတွက် ပလပ်စတစ်များသည် အလွန်အရေးကြီးကြောင်း၊ ပလပ်စတစ်များစွန့်ပစ်မှု များပြားလာတဲ့ အတွက် ကမ္ဘာမြေထု၊ ရေထုညစ်ညမ်းမှုများ ဖြစ်ရကြောင်း၊ လူသားတွေဟာ ပလစ်စတစ်ကို ခိုင်မာ တယ်၊ သယ်ပိုးရတာလွယ်ကူတဲ့အတွက် အလွယ်တကူ အသုံးပြုလာကြပြီး စည်းကမ်းသတ်မှတ် ချက်မရှိဘဲ စွန့်ပစ်နေကြတာဖြစ်တဲ့အတွက် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုများ ဖြစ်ရကြောင်း၊ ဒါကြောင့် ပြည်သူလူထုများအနေနဲ့ ပလစ်စတစ်သုံးစွဲခြင်းကို မိမိတို့အသိဉာဏ်များဖြင့် လျော့ချသုံးစွဲ ပြီး စည်းကမ်းတစ်ကျစွန့်ပစ်ပေးကြပါလို့ အားလုံးပူးပေါင်းပါဝင်ပေးကြဖို့ အထူးမေတ္တာရပ်ခံလို ကြောင်း စသည်ဖြင့် ဦးဆောင်ဆွေးနွေးပေးခဲ့သည်။
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ၊ ကျောင်းသား/ ကျောင်းသူများအား အသိပညာများရရှိစေရန် ဟောပြောပွဲများကျင်းပခြင်း၊ စာအုပ်/စာစောင်များ အခမဲ့ငှားရမ်းပေးခြင်း၊ Talk Show များဆောင်ရွက်ခြင်း၊ ပြပွဲ/ပြိုင်ပွဲများ ကျင်းပပေးခြင်းနှင့် လူငယ်အသိညာပေး စကားဝိုင်းများကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇော်မြင့်နိုင်