ကန့်ဘလူမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေး

ကန့်ဘလူ ဒီဇင်ဘာ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် ဦးတည်အုပ်စုများအလိုက် ရဟန်းရှင်လူပြည်သူများ၊ အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို စဉ်ဆက်မပြတ် ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ကန့်ဘလူမြို့ စည်ပင်သာယာခန်းမ၌ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာတွင် အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးခြင်းများကို ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များနှင့်အညီ ကျန်းမာရေးဝန်ထမ်းများက စနစ်တကျ ထိုးနှံပေးလျက် ရှိသည့်အပြင် ကျန်းမာရေးဆေးပေးခန်းဖွင့်လှစ်၍ လာရောက်ပြသသူ ပြည်သူများ၏ ရောဂါဝေဒနာအလိုက် အခမဲ့စမ်းသပ်စစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့်အခမဲ့ ကျန်းမားရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးနေမှုတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာန ဆိုင်ရာတာဝန်ရှိသူများက လာရောက်ကြည့်ရှု အားပေးခဲ့ကြောင်းနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင်လည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို တနင်္လာနေ့မှ သောကြာနေ့အထိ နေ့စဉ်နံနက် ၉ နာရီမှ မွန်းလွဲ ၃ နာရီအထိ  ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)