ပခုက္ကူ ဒီဇင်ဘာ ၁၄
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၁၀နာရီ အချိန်က အဆိုပါတက္ကသိုလ်၊ လေးထပ်ဆောင် (ဘွဲ့နှင်းသဘင်) ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပခုက္ကူတက္ကသိုလ်၊ ခေတ္တပါမောက္ခချုပ် ဒေါက်တင်ထွန်းအောင်က ဟောပြောပွဲကျင်းပရခြင်း ရည်ရွယ်ချက်များအကြောင်း ရှင်းလင်းပြောကြားပြီး လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ (ပခုက္ကူခရိုင်)မှ ရဲမှူးသိန်းဌေးက လူကုန်ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာဥပဒေများ၊ ပြည်ပအလုပ်အကိုင်များအကြောင်း၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေအရ ကျခံနိုင်သည့်ပြစ်မှု၊ ပြစ်ဒဏ် များအကြောင်းတို့ကိုလည်းကောင်း၊ အမှတ်(၁၇)ယာဉ်ထိန်းရဲတပ်ဖွဲ့ဌာနစိတ်(ပခုက္ကူခရိုင်)မှ ရဲအုပ်ဝင်းလှိုင်က မော်တော်ကား(သို့) မော်တော်ဆိုင်ကယ်မောင်းသူများနှင့် စီးသူများလိုက်နာရမည့် စည်းကမ်းချက်များ၊ ယာဉ်မမောင်းမီ စစ်ဆေးရမည့်ပစ္စည်းများ၊ အန္တရာယ်သတိပေးလမ်းညွှန်များ၊ တားမြစ်ခြင်းနှင့်ကန့်သတ်ခြင်းလမ်းညွှန်များ၊ အမိန့်ပေး လမ်းညွှန်များ၊ ယာဉ်တိုက်မှုကျူးလွန်သူအား အရေးယူအပြစ်ပေးခြင်းခံရနိုင်သည့် ပြစ်မှု၊ ပြစ်ဒဏ်များ၊ ယာဉ်တိုက်မှုဖြစ်ပွားလျှင် အရေးပေါ်ကူညီပေးနိုင်သည့် ရှေးဦးပြုစုနည်းများနှင့် ဆက်သွယ်အကြောင်းကြားနိုင်သည့် ဖုန်းနံပါတ်များအကြောင်းတို့ကို လည်းကောင်း အသီးသီးရှင်းလင်းဟောပြောကြသည်။
အဆိုပါအသိပညာပေးဟောပြောပွဲတွင် ပခုက္ကူတက္ကသိုလ်၊ ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်နှင့် ဒုတိယပါမောက္ခချုပ်များ၊ ဘာသာရပ်ဌာနများမှ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၄၀၀)ဦးကျော် တက်ရောက်ကြပြီး ဟောပြောပွဲအကြောင်းအရာများနှင့် ပတ်သက်၍ သိရှိလိုသည်များမေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြပြီး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ဟောပြော ဆွေးနွေးသူများအား အမှတ်တရလက်ဆောင်ပစ္စည်းပေးအပ်ခြင်းများ ဆောင်ရွက်ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)