ငါးသိုင်းချောင်းမြို့ အ.လ.က ကျုံတာကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲနှင့် နယ်လှည့်စာဖတ်ဝိုင်း ပြုလုပ်ဆောင်ရွက်

ငါးသိုင်းချောင်း ဒီဇင်ဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ အ.လ.က ကျုံတာကျောင်း၌ ကျောင်းသား/သူများ အသိပညာဗဟုသုတ ပြည့်စုံစေရန် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်း၊ နယ်လှည့်စာဖတ်ဝိုင်း ဆောင်ရွက်ခြင်းတို့ကို ယနေ့နံနက် (၁၀)နာရီအချိန်က ပညာရေး၊ ပြန်/ဆက်နှင့် မီးသတ်ဉီးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

အခမ်းအနားတွင် (အ.လ.က)ကျုံတာကျောင်း ကျောင်းအုပ်ဆရာမကြီး ကိုယ်စား ဆရာမ ဒေါ်ခင်မြတ်သူက ကျောင်းသား၊ ကျောင်းသူများ ဗဟုသုတပြည့်စုံစေရန်၊ စည်းကမ်းရှိပြီး လိမ္မာယဉ်ကျေးစေရန် ယခုလိုဟောပြောပွဲများ ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြန်/ဆက်ဉီးစီးမှူး ဒေါ်နှင်းယုဝေက ကျောင်းသား၊ ကျောင်းသူများ အသိဉာဏ်ပညာဗဟုသုတပြည့်စုံဖို့ စာဖတ်ရန်လိုအပ်ကြောင်း၊ အတတ်ပညာအပြင် အသိပညာပါ ပြည့်စုံရန်လိုအပ်ကြောင်း၊ အမှားအမှန် ဝေဖန်ပိုင်းခြားတတ်ဖို့နှင့် ဗဟုသုတပြည့်စုံဖို့ စာများများဖတ်ရန် လိုအပ်ကြောင်း စာဖတ်ရှိန် မြှင့်တင်ရေး အသိပညာပေး ဟောပြောခြင်းကိုလည်းကောင်း၊ ငါးသိုင်းချောင်းမြို့ နယ်မြေ မီးသတ်စခန်း တာဝန်ခံ လက်ထောက်မီးသတ်ဉီးစီးမှူး ဉီးဝင်းနိုင်က မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် အရေးပေါ် မီးငြှိမ်းသတ်ရေး ပစ္စည်းဖြစ်သည့် မီးသတ်ဆေးဘူးကို အလွယ်တကူ အသုံးပြုတတ်စေရန် ရှင်းလင်းသင်ပြပေးခြင်း တို့ကိုလည်းကောင်း ဆောင်ရွက်ခဲ့ကြပါသည်။

ဆက်လက်၍ အလယ်တန်းအဆင့် ကျောင်းသား/သူလေးများ စိတ်အပန်းပြေစေရန်နှင့် စာဖတ်သည့် အလေ့အထများ ရှိလာစေရန်အတွက် ရုပ်ပြစာအုပ်များ ဖတ်ရှုစေသည့် နယ်လှည့် စာဖတ်ဝိုင်းကို ပြုလုပ်ခဲ့ကြပါသည်။ အဆိုပါဟောပြောပွဲသို့ ကျောင်းသား၊ ကျောင်းသူ (၈၀)ဉီး တက်ရောက်လေ့လာခဲ့ကြောင်း သိရှိရပါသည်။

ငါးသိုင်းချောင်း(ပြန်/ဆက်)