လွိုင်ကော် ဒီဇင်ဘာ ၁၄
ကယားပြည်နယ်အတွင်း ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရန် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်က “လွတ်လပ်၍တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် နိုင်ငံတော်အစိုးရအနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ကယားပြည်နယ်အတွင်း ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရန် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မှန်ကန်သောမဲစာရင်းရရှိရေး၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ပြည့်စုံမှန်ကန်ရေး၊ လူဦးရေစာရင်းများမှန်ကန်ရေးအတွက် စနစ်တကျဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ထို့အပြင် ပြည်နယ်အတွင်းရှိ ခရိုင်၊ မြို့နယ်အသီးသီး၌ မြေပြင်ကွင်းဆင်းဆောင်ရွက်ကြရာတွင် ကြိုတင်ပြင်ဆင်ရမည့် သင်တန်းများဖွင့်လှစ်ခြင်း၊ ကြီးကြပ်မည့်အဖွဲ့များ စနစ်တကျဖွဲ့စည်းခြင်း၊ ပြည်သူများ သိရှိနိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခြင်း ၊ လုံခြုံရေးကိစ္စရပ်များ စနစ်တကျစီမံဆောင်ရွက်ခြင်းနှင့် အုပ်ချုပ်မှုကိစ္စရပ်များအား အဆင်ပြေအောင် ညှိနှိုင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း” အဖွင့်အမှာ စကားပြောကြားခဲ့သည်။
ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်နယ်ဦးစီးမှူးက ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများ မှန်ကန်စွာရရှိရေးနှင့်စပ်လျဉ်း၍လည်းကောင်း ၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးက မြေပြင်စာရင်းကောက်ယူရေးနှင့် စပ်လျဉ်း၍လည်းကောင်း၊ ပြည်နယ်ရွေးကောက်ပွဲအရာရှိက မဲစာရင်းဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍လည်းကောင်း၊ လွိုင်ကော်ခရိုင်နှင့် ဒီးမော့ဆိုခရိုင် အုပ်ချုပ်ရေးမှူးများက မဲစာရင်းကောက်ယူမှုလုပ်ငန်းများ သတ်မှတ်ရက်အတွင်း ပြီးစီးအောင် ဆောင်ရွက်ရေးနှင့်စပ်လျဉ်း၍လည်းကောင်း အသီးသီးဆွေးနွေးတင်ပြခဲ့ကြသည်။
ယင်းနောက် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ဆွေးနွေးတင်ပြချက်များအပေါ် လုံခြုံရေး ဆိုင်ရာများနှင့် စပ်လျဉ်း၍ ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်ကဆွေးနွေးတင်ပြချက်များ အပေါ်ပြန်လည်ရှင်းလင်းဆွေးနွေးကာ လုပ်ငန်းများအောင်မြင်စွာ ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူအသီးသီးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်းသိရသည်။
ပြည်နယ်(ပြန်/ဆက်)