ပေါက်ခေါင်းမြို့နယ်၊ အထက(ကြို့ပင်ကန်)၌ စာသင်ကျောင်းအခြေပြု စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

ပေါက်ခေါင်း      ဒီဇင်ဘာ      ၁၄  

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူလူငယ်လူရွယ်များ အစားအစာများဝယ် ယူစားသုံးရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာရွေးချယ် ဝယ်ယူနိုင်ရန်ရည်ရွယ်၍ စာသင်ကျောင်းအခြေပြု စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲများကို ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့မွန်းလွဲ ၂ နာရီက ပေါက်ခေါင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ကြို့ပင်ကန်)ကျောင်းခန်းမတွင် အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ထိုသို့ဟောပြောဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးကျော်ကျော်ထွန်းက ဌာန၏လုပ်ငန်းများအားဦးစွာမိတ်ဆက်ပြောကြားပြီး စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် ကျောင်းသား/ကျောင်းသူများအား မုန့်ဈေးဆိုင်များတွင်ရောင်းချသည့် ဝယ်ယူစားသုံးရန်မသင့်တော်သည့်အစားအစာများ၊ စတင်ထုတ်လုပ်သည့်ရက်စွဲနှင့် ကုန်ဆုံးမည့်ရက်စွဲမပါရှိသည့် မုန့်ထုတ်များ၊ သတ်မှတ်ရက်လွန်အစားအစာများနှင့် စားသုံးသူများကုန်စည်နှင့်ဝန်ဆောင်မှုများကို ဝယ်ယူသုံးစွဲရာတွင်သိရှိရမည့် အခွင့်အရေးများကို အသိပညာပေးဟောပြောခဲ့ပြီး စားသုံးသူအခွင့်အရေးဆုံးရှုံးမှုများရှိခဲ့ပါက တိုင်ကြားနိုင်မည့်နည်းလမ်းများကို ပြောကြားခဲ့သည်။ အဆိုပါအသိပညာပေးဟောပြောပွဲသို့ အထက်တန်းနှင့်အလယ်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူ(၂၂၀)ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)