ဖျာပုံမြို့၌ "လူငယ်စကားဝိုင်း" ကျင်းပ

ဖျာပုံ ဒီဇင်ဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့် ပြည့်စုံပြီး အသိပညာဗဟုသုတ တိုးပွားစေရန်၊ နှုတ်မှုစွမ်းရည် ထက်မြက်စေရန်၊ လူငယ်အချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ ကိုယ်ကျင့်တရား ကောင်းမွန်သည့် လူတော်၊​လူကောင်းများ ဖြစ်လာစေရန်၊ အသိပညာ ဗဟုသုတ တိုးပွားစေရန်နှင့် ဘက်စုံထူးချွန်ထက်မြက်သော အနာဂတ် လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော "လူငယ်စကားဝိုင်း" ဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ်(၁)နာရီ ခွဲအချိန်က ဖျာပုံမြို့ အ ထ က (၂) ကျောင်း ရတနာခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ဖျာပုံမြို့နယ် ပညာရေးမှူးဦးထိန်လင်းက အဖွင့်အမှာစကား ပြောကြားပြီး၊ ဖျာပုံခရိုင် ပြန်ကြားရေးနှင့် ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စမ်းစမ်းအေးက လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် "လူငယ်စကားဝိုင်း"ကို ကျင်းပရာ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မာမာလွင်က Moderator အဖြစ် ဆောင်ရွက်ပြီး၊ ပါဝင်ဆွေးနွေးသူများအဖြစ် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း Grade (10) A မှ မောင်ပြည့်စုံအောင်က "လူငယ်နှင့်ကျန်းမာရေး"၊ မောင်ကောင်းခန့်ကျော်က" လူငယ်နှင့်ကြီးပွားရေး"၊ မနှင်းနှင်းအိက "လူငယ်နှင့်စာရိတ္တ"နှင့် Grade (10) D မှ မခင်သန့်ဇင်က "လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး" စသည့် ခေါင်းစဉ်တို့ကို တစ်ဦးချင်းအလိုက် ဆွေးနွေး​ပြောကြားကြရာ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များ မေးမြန်းချက်များအား ဦးစီးအရာရှိ ဒေါ်မာမာလွင်ကနှင့် ဦးဆောင်ဆွေးနွေးသူ ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ အထက(၂) ကျောင်းအုပ်ဆရာမကြီး ဒေါ်မာမာကြိုင်က ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး အဆိုပါစကားဝိုင်းသို့ အထက (၂) ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ ကျောင်းသား၊ ကျောင်းသူ (၃၀၀)ဦး တက်ရောက်ခဲ့​ကြကြောင်း သိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)