(၇၅) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နိုင်းကြာ (ကော့ယာမွန်) ကွန်ကရစ်လမ်းသစ်ဖွင့်လှစ်

ဘားအံ ဒီဇင်ဘာ ၁၄

၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံမြို့နယ်၊ လှာကဒေါင်ကျေးရွာအုပ်စု၊ နိုင်းကြာ (ကော့ယာမွန်) ကျေးရွာလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယမန်နေ့နံနက် ၈ နာရီခန့်က အဆိုပါလမ်းသစ် မုခ်ဦး တည်နေရာ၌ ကျင်းပသည်။

နိုင်းကြာ (ကော့ယာမွန်) ကွန်ကရစ်လမ်းသစ်ကို ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်၌ လမ်းအရှည် ၂၄၅၀ ပေ၊ အကျယ် ၁၅ ပေ၊ ထု ၆ လက်မရှိ ကွန်ကရစ်လမ်းသစ်အား သမဝါယမနှင့်ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဘားအံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) ရန်ပုံငွေကျပ် ၁၀ သန်း၊  ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျော့ချရေး (ကလဖ) ရန်ပုံငွေကျပ် ၅ သန်းနှင့် ပြည်သူထည့်ဝင်ငွေကျပ် ၄၅ သန်း စုစုပေါင်း ငွေကျပ် သန်း ၆၀ ဖြင့် အစိုးရနှင့်ပြည်သူ ပူးပေါင်းဆောင်ရွက်ထားသော လမ်းဖြစ်ပြီး ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး ခင်ဇော်နှင့် ရပ်မိရပ်ဖ ဦးစောထွန်းလင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လမ်းအား ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကျေးရွာသူ/သားများအားလုံး စည်းလုံညီညွတ်မှုကို တည်ဆောက် ကြရန်၊ ကိုယ့်အားကိုယ်ကိုး စိတ်ဓာတ်ဖြင့် မိမိတို့ကိုယ်တိုင် ဖွံ့ဖြိုးတိုးတက်လိုစိတ်များ မွေးမြူကြပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို တန်ဖိုးထား၍ အကျိုးရှိရှိအသုံးပြုကြရန်နှင့် နိုင်ငံတော် အစိုးရမှ ဆောင်ရွက်ပေးရန်လိုအပ်သည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း သက်ဆိုင်ရာ ဌာနအသီးသီးနှင့် ပေါင်းစပ်တင်ပြဆွေးနွေးခြင်းဖြင့် မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်သွားကြပါဟု တိုက်တွန်းပြောကြားသည်။

ယင်းနောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ညွှန်ကြားရေးမှူး ဦးရန်မျိုးနိုင်က ကွန်ကရစ်လမ်းသစ်နှင့် ပတ်သက် ၍ ရှင်းလင်းပြောကြားပြီး ရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ပြည်နယ်ညွှန်ကြားရေးမှူးက လမ်းဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်များအား လက်ရောက်ပေးအပ်သည်။

ကရင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ၂၀၁၅-၂၀၁၆ ခု ဘဏ္ဍာရေးနှစ်မှ ၂၀၂၁-၂၀၂၂ ခုဘဏ္ဍာရေးနှစ် (၆) လဘတ်ဂျတ်အထိ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းကျေးရွာပေါင်း ၂၈၉ ရွာ ဆောင်ရွက်နိုင်ခဲ့ပြီး ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း VDP စီမံကိန်း ၉၁ ရွာတွင် လုပ်ငန်းခွဲပေါင်း ၉၁ ခုကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း (ပြန်/ဆက်)