ပေါင်းတည် ဒီဇင်ဘာ ၁၄
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ပညာရေးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲက ပေါင်းတည်အ.ထ.ကကျောင်း ပညာရတနာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်အေးအေးဆင့်က လူငယ်များအနေဖြင့် ဗလငါးတန်ဖွံ့ဖြိုးရန်လိုအပ်ပြီး ကျောင်းစာထူးချွန်ရုံသာမက ပညာထူးချွန်လည်းရန်လိုအပ်ကြောင်း၊ အသိပညာဗဟုသုတတိုးပွားစေရေးအတွက် စာကောင်းပေမွန်များကို ရွေးချယ်ဖတ်ရှုကြရန်လိုအပ်ကြောင်း၊ လူငယ်တိုင်းရည်မှန်းချက်ပန်းတိုင်ကို ဇွဲလုံ့လဝီရိယဖြင့် ကြိုးစားကြလျှင် အောင်မြင်သောအနာဂတ်ကို ပိုင်ဆိုင်လာနိုင်ပြီး တိုင်းပြည်အတွက်လည်း သားကောင်းသမီးကောင်းများ၊ လူကောင်းလူတော်များပေါ်ထွန်းလာမည်ဖြစ်ကြောင်း အချိန်ကိုအကျိုးရှိရှိအသုံးပြုရန် ဟောပြောသည်။
ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုဦးစီးမှူးဦးကျော်မင်းထွေးက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် အသိပညာများ၊ ဆောင်ရန်၊ ရှောင်ရန်များနှင့် မီးသတ်ဆေးဗူးဖြင့် အရေးပေါ်မီးငြှိမ်းသတ်နည်းကို လက်တွေ့ပြသဟောပြောခဲ့သည်။ ထို့နောက် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ် စာစောင်များနှင့်သုတရသစာအုပ်စာစောင်များခင်းကျင်းပြသခဲ့ရာ ကျောင်းသားကျောင်းသူလေးများ စိတ်ဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြောင်းနှင့် အဆိုပါ အခမ်းအနားသို့ ကျောင်းအုပ်ဆရာမကြီးနှင့်တကွ ဆရာ၊ ဆရာမများအထက်တန်း ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၈၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
သူရကြီး( ပြန်/ဆက်)