ပန်းတောင်းမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

ပန်းတောင်း   ဒီဇင်ဘာ   ၁၄

အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေး တာဝန်ယူဆောင်ရွက်ကြမည့် လူငယ်များအနေဖြင့် ဘက်စုံအရည်အသွေးမြင့်မားသည့် လူငယ်လူရွယ်များ ဖြစ်လာစေရေးအတွက် ပညာရေးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ သူရဲဇီး(မူလွန်)ကျောင်း၌ ကျင်းပခဲ့သည်။ ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးဒေါ်အေးအေးခိုင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်သင်းသင်းအေးက ကျောင်းသား၊ ကျောင်းသူများအား လူငယ်ဘဝ ပညာသင်အရွယ်မှစပြီး မိမိဝါသနာ၊ ဗီဇစရိုက်နဲ့ ကိုက်ညီသောရည်မှန်းချက်ကို ဆန္ဒာအဓိပတိထားပြီးကြိုးစားကြရန်၊ တစ်ဦးနှင့်တစ်ဦးပြောဆိုဆက်ဆံရာတွင် သိမ်မွေ့ချိုသာပြောဆိုတတ်အောင် လေ့ကျင့်ယူရန်၊ ကျန်းမာရေးနှင့်ညီညွတ်သောအစားအသောက်များကိုလည်း ရွေးချယ်စားသုံးတတ်စေရန် ကိုယ်ခန္ဓာအတွက်ကျန်းမာရေးကောင်းမွန်မှ ကိုယ်ကာယကြံခိုင်မှစိတ်သွားတိုင်းကိုယ်ပါနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ကလေးသူငယ်များအား ဗဟုသုတရရှိစေရန် စာအုပ်စာပေများကို လေ့လာဖတ်ရှုစေခဲ့ပြီး ပါဝင်သောအကြောင်းအရာများထဲမှ ဗဟုသုတရဖွယ်များကို တစ်ဦးစီမေးမြန်းကာမှတ်သားထားရှိရန်ပြောကြားခဲ့ကြောင်း သိရသည်။

သင်းသင်းအေး(ပြန်/ဆက်)