ဘားအံ ဒီဇင်ဘာ ၁၄
ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းပြုလုပ်သည့် စားသုံးသူအခွင့်အရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကို ယမန်နေ့ နံနက် ၁၁ နာရီက ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြုလုပ်ခဲ့သည်။
အသိပညာပေးဆွေးနွေးပွဲ Talk Show တွင် ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခက်ခက်လွင်က အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးနိုင်ဝင်းက စားသုံးသူ ရေးရာဦးစီးဌာနဖြစ်ပေါ်လာပုံ ၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်၊ ကုန်စည်များပေါ်တွင် မြန်မာလိုအသေးစိတ် ဖော်ပြရမည့် အချက်များ၊ ကရင်ပြည်နယ်အတွင်း စစ်ဆေးဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို အသိပညာပေး ဆွေးနွေးခဲ့သည်။
၎င်းနောက် စားသုံးသူရေးရာဦးစီးဌာန ပြည်တွင်းဌာနခွဲတာဝန်ခံ ဒေါ်ဇာခြည်အောင်က ပြည်တွင်းဌာနခွဲ၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးအတွက် ဒေသတွင်းစိုက်ပျိုးမွေးမြုးရေး လုပ်ငန်းများ၊ အသင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးမှု အခြေအနေများ၊ ပြည်ပပို့ကုန်နှင့် သစ်သီးနှံများ စိုက်ပျိုးထုတ်လုပ်မှု၊ အောင်မြင်ဖြစ်ထွန်းမှု၊ ကွင်းဆင်းလေ့လာ ဆောင်ရွက်မှုအခြေအနေများ၊ ဒေသတွင်း SMEလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြည်နယ်အတွင်းရှိ အသင်းအဖွဲ့များ၊ သက်ဆိုင်ရာလုပ်ငန်းရှင်များနှင့် ပေါင်းစပ်ဆောင်ရွက်နေမှုအခြေအနေများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)