ငဖဲမြို့နယ် တောင်ပေါ်ဒေသ၌ ကော်ဖီစိုက်ဧက ၁၀၈၅ ဧက စိုက်ပျိုးအောင်မြင်ဖြစ်ထွန်း

ငဖဲ ဒီဇင်ဘာ ၁၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် တောင်ပေါ်ဒေသ(နတ်ရေကန်)တွင် ရေမြေရာသီ ဉတုနှင့် ကိုက်ညီသည့် အာရေဗီးကား(ဗီယက်နမ်)ကုန်းမြင့်ကော်ဖီမျိုးများကို စိုက်ပျိုးထားရာ ယနေ့ထိ ကော်ဖီစိုက်ဧက ၁၀၈၅ ဧက စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ငဖဲမြို့နယ် တောင်ပေါ်ဒေသ(နတ်ရေကန်)သည် မင်းဘူး-အမ်းသွားကားလမ်းဘေးတွင် တည်ရှိပြီး ဒေသခံတောင်သူများက ကော်ဖီ၊ လက်ဖက်၊ ဝဉ၊ ထောပတ်၊ ကမ္ဗလာ၊ ရှောက်ချို၊ ပိန္နဲ၊ ငရုတ်၊ ငှက်ပျော၊ သံပုရာ စသည့် နှစ်ရှည်သီးနှံပင်များနှင့်အတူ ကော်ဖီကို ရောနှောစိုက်ပျိုးကြသည်။ ငဖဲမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန၊ ကော်ဖီရာသီ-သီးနှံဌာနခွဲ၊ ကော်ဖီခြံ(နတ်ရေကန်)တွင် အာရေဗီးကား ကုန်းမြင့်ကော်ဖီမျိုး ၂၉ ဧက စိုက်ပျိုးထားပြီး တောင်ပေါ်ဒေသကျေးရွာ (၁၀)အုပ်စုတွင် ပုဂ္ဂလိက တောင်သူစိုက်ဧက ၁၀၅၆ ဧက စုစုပေါင်း ၁၀၈၅ ဧကစိုက်ပျိုးထားသည်။

ယခုအခါ ကော်ဖီသီးနှံတိုးချဲ့စိုက်ပျိုးရေးစီမံကိန်းအရ ငဖဲမြို့နယ်တွင် ၅နှစ်တာ ကာလအတွင်း ကုန်းမြင့်ကော်ဖီ (အာရေဗီးကား) ဧက ၁၂၅၀၀ကို  တစ်နှစ်လျှင် ဧက ၂၅၀၀နှုန်း ဖြင့် တောရိုင်း၊ မြေရိုင်းနှင့် သစ်တောကြိုးဝိုင်းဧရိယာများတွင် တိုးချဲ့စိုက်ပျိုးနိုင်ရေး လျာထားထားရာ လာမည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် တောရိုင်း/မြေရိုင်းဧရိယာတွင် ဧက ၈၅၀၊ သစ်တောကြိုးဝိုင်းဧရိယာတွင် ဧက ၁၆၅၀ စုစုပေါင်း ဧက ၂၅၀၀ ကို ကော်ဖီအဓိက စိုက်ပျိုးထုတ်လုပ်ရောင်းချသည့် လိုင်ကျေးရွာ၊ ဂုတ်ကြီးကျေးရွာ၊ ဘုံးဘောကျေးရွာ၊ ပဘွေးကျေးရွာ၊ စွန်တက်ကျေးရွာနှင့် လင်းတဲကျေးရွာတို့တွင် အကောင်အထည်ဖော် စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ရာ စိုက်ပျိုးရန် လျာထားချက်ပြည့်မီရေးအတွက် ကော်ဖီစိုက်ပျိုးရေး ဝါသနာရှင် ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် တောင်သူများကို ဖိတ်ခေါ်အသိပေးကြေညာထားပြီးဖြစ်ကြောင်း သိရသည်။

ငဖဲမြို့နယ် နတ်ရေကန်(ကော်ဖီခြံ)မှ တစ်နှစ်လျှင် ကော်ဖီစေ့ (၃.၂၆)တန်နှင့် ပုဂ္ဂလိကစိုက်ခင်းများမှ (၄၃)တန်ခန့် စုစုပေါင်း (၄၆.၂၆) တန်ကျော်ထွက်ရှိပြီး င်းကော်ဖီများကို ရွာငံ၊ ရေနံချောင်း၊ ရန်ကုန်နှင့် ပြင်ဦးလွင်မြို့နယ် ဈေးကွက်များသို့ ကော်ဖီအရည်အသွေးပေါ်မူတည်၍ တစ်တန်လျှင် ငွေကျပ်  ၃၅သိန်း မှ သိန်း ၇၀ နှုန်းထိ တင်ပို့ရောင်းချရကြောင်း သိရသည်။

မယု(ငဖဲ)