စေတုတ္တရာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရေသောင်ကျေးရွာတွင် မြစိမ်းရောင် ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ(ပဉ္စမအကြိမ်) ထုတ်ချေး

စေတုတ္တရာ    စက်တင်ဘာ    ၂၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ရေသောင်ကျေးရွာ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ(ပဉ္စမအကြိမ်)ကို  စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ်နှင့်အသက်မွေးဝမ်းကြောင်းလုပ်ငန်း လုပ်ကိုင်မည့် တောင်သူ (၇၉)ဦးအား ရေသောင်ကျေးရွာ စုရပ်ဆောင်တွင် ယမန်နေ့ နေ့လယ်ပိုင်းက ထုတ်ချေးပေးခဲ့ကြောင်း သိရ သည်။
ရေသောင်ကျေးရွာ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ (ပဉ္စမအကြိမ်) ကို ထုတ်ချေးရာတွင် ကျေးရွာအတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်မည့် တောင်သူ(၆၄)ဦး၊ မွေးမြူရေး လုပ်ငန်းလုပ်ကိုင်မည့် တောင်သူ(၇)ဦး၊ အရောင်းအဝယ် လုပ်ကိုင်မည့် တောင်သူ(၇)ဦး နှင့် အသက်မွေး ဝမ်းကြောင်းလုပ်ငန်း လုပ်ကိုင်မည့် တောင်သူ(၁)ဦး စုစုပေါင်းတောင်သူ(၇၉)ဦးအား မြစိမ်းရောင်ရန်ပုံငွေ ချေးငွေကျပ်(၄၄၀)သိန်းအား မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသိန်းဇော်ထွန်းနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကွင်းဆင်းကြီးကြပ် ဆောင်ရွက် ပေးကာ မြစိမ်းရောင်ချေးငွေများအား နေ့ချင်းပြီး ထုတ်ချေးပေးခဲ့ကြောင်းသိရသည်။
အဆိုပါ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ကျေးလက်ဒေသများတွင် အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေ တိုးပွားလာစေခြင်းဖြင့် ကျေးလက်ဒေသဆင်းရဲမှုနှုန်းကိုလျှော့ချရန်၊ တိုးပွားလာသော ရန်ပုံငွေ များဖြင့် ကျေးရွာအတွက် အမှန်တကယ်လိုအပ်သော ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးရွာမှ ကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်၊ ကျေးလက်နေပြည်သူလူထု၏ စွမ်းဆောင်ရည် တိုးတက်လာစေရန် နှင့်မမျှော်မှန်းနိုင်သော ဘေးအန္တရာယ်များ ကျရောက်လာပါက တုံ့ပြန်မှုအားကောင်းသော လူမှုအဖွဲ့ အစည်းများ ပေါ်ပေါက်လာစေရန် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
စည်သူလွင်(ပြန်/ဆက်)