မြောင်းမြ ဒီဇင်ဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြရွှေဝါ အစည်းအဝေးခန်းမ၌ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနော်မိုင်လှကြည်က အဖွင့်အမှာစကား ပြောကြားရာ၌ မြန်မာနိုင်ငံ၏ လူဦးရေသုံးပုံတစ်ပုံခန့်သည် ကလေးငယ်များဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု စဉ်ဆက်မပြတ်စေရန် အနာဂတ်မျိုးဆက်သစ်များဖြစ်သည့် ကလေးငယ်များ၏ဘဝ မှန်မှန်ကန်ကန် တိုးတက်ရန်လိုကြောင်း၊ ကလေးငယ်များ၏ဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအကျဆုံးသည် စိတ်ပိုင်းဆိုင်ရာကျေနပ်နှစ်သိပ့်မှုဖြစ်ကြောင်း၊ ကလေးသူငယ် အမှုအခင်းများ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရေး အစီအမံများချမှတ်ခြင်း၊ ကလေးသူငယ်ကိစ္စရပ်များဖြစ်တဲ့ ဥပဒေနှင့်ရင်ဆိုင်နေရသော ကလေးငယ်များ၊ အမှုများ၊ လိင်ရုပ်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်အမြတ်ထုတ်မှု၊ ရုပ်ပိုင်း/စိတ်ပိုင်းဆိုင်ရာ အလွဲသုံးစားမှု၊ အကြမ်းဖက်မှုများ မဖြစ်ပေါ်စေရေးအတွက် ကြိုတင်ကာကွယ်မှုများကို အားလုံးပူးပေါင်းပြီး ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် ပြောကြားသည်။
ဆက်လက်ပြီး ကလေးသူငယ် အခွင့်အရေးဆိုင်ရာကော်မတီ အတွင်းရေးမှူး မြောင်းမြခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးနွယ်ဝင်းက ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ဆောင်ရွက်ထားပေးမှုများအား ရှင်းလင်းဆွေးနွေးခြင်း၊ တက်ရောက်လာကြသော ကော်မတီအဖွဲ့ဝင်များမှ ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာနှင့် ပတ်သက်ပြီး အကြံပြု တင်ပြဆွေးနွေးမေးမြန်းချက်များအား ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးနွယ်ဝင်းက ပြန်လည်ရှင်းလင်းဆွေးနွေးခြင်း၊ ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနော်မိုင်လှကြည်က တင်ပြချက်များနှင့်ပတ်သက်ပြီး အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ညှိနှိုင်းပေါင်းစပ်ပေးခဲ့ကြောင်း သိရသည်။
မြောင်းမြ
(ခရိုင်ပြန်/ဆက်)