ငဖဲ စက်တင်ဘာ ၂၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများအား မျိုးစပါး မျိုးကောင်း မျိုးသန့် ထုတ်ယူသုံးစွဲနိုင်ရန်ရည်ရွယ်၍ ကိုဗစ်-၁၉စီးပွားရေးကုစားမှု CERP အစီအစဉ်ဖြင့် ဆောင်ရွက်သည့် မျိုးစေ့ထုတ် စိုက်ခင်းများ ပင်ပွားစည်းချိန်တွင်မျိုးကွဲပယ်ခြင်း လုပ်ငန်းကိုကျေးရွာများ အရောက်ကွင်းဆင်း ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ဆင်ချည်တိုင်ကျေးရွာအုပ်စု၌ရှိသောတောင်သူများ၏ ဧရာမင်းစိုက်ဧက ၁၃ ဧကရှိလယ်မြေများတွင်ကွင်းဆင်းသရုပ်ပြ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းသရုပ်ပြသရာတွင် ငဖဲမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဦးမြင့်သိန်းက မျိုးစေ့ထုတ် စိုက်ခင်းများမျိုးကွဲပယ်ခြင်းလုပ်ငန်း လာရောက်ဆောင်ရွက်သူတောင်သူများအား မျိုးကွဲထုတ်ပယ်ခြင်းနည်းစနစ်များ၊ အပင်ဖြစ်ထွန်းမှု၊ ပိုးမွှားကျရောက်မှုရှိ၊မရှိ စစ်ဆေးကြည့်ရှုနည်းများ၊ ပိုးသတ်ဆေးဖျန်းနည်းစနစ်များကို ရှင်းလင်း ပြောကြားပြီး စိုက်ခင်းတာဝန်ခံကြီးကြပ်သူနှင့်ဝန်ထမ်းများက စိုက်ခင်းများအတွင်း မျိုးကွဲနုတ်ပယ်ခြင်း လုပ်ငန်း ကိုလက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့သည်။
ငဖဲမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများ အနေဖြင့်မိမိတို့တာဝန်ကျရာ ပညာပေးစိုက်ခင်းများအတွင်းရှိ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု(CERP) အစီအစဉ်ဖြင့်စိုက်ပျိုးထားသောမိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းများအား မျိုးကွဲ ပယ်ခြင်းလုပ်ငန်းကိုအသီးသီး ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
မယု(ငဖဲ)