တနင်္သာရီ ဒီဇင်ဘာ ၁၃
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် ပညာရေးမှူးရုံး အစည်းအဝေးခန်းမအတွင်း ယနေ့နံနက် ၁၀ နာရီအချိန်က လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဖိတ်ကြားထားသောဌာနဆိုင်ရာများ၊ မြို့နယ်ပညာရေးမှူးနှင့် အထက-တနင်္သာရီမှ ဆရာမများနှင့်ကျောင်းသား/သူများ တက်ရောက်ခဲ့ကြသည်။
လူငယ်စကားဝိုင်းဖွင့်ပွဲအခမ်းအနားမှာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ထူးက အဖွင့်အမှာစကားပြောကြားပြီး၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးခင်အေးက အမှာစကားများပြောကြားကာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထိန်ဝင်းက လူငယ်စကားဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပေး ကြသည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သီသီခိုင်က ဦးဆောင်လျက် အထက-တနင်္သာရီကျောင်း Grade-9 မှ မောင်ကောင်းခန့်ဇော်က (လူငယ်နှင့်ပညာရေး)၊ မဆုလှိုင်နှင်းက(လူငယ်နှင့်ကျန်းမာရေး) ၊ မဆန်းမှီမှီတေးက (လူငယ်နှင့်အားကစား)နှင့် မဝတီမျိုးမြင့်က (လူငယ်နှင့်မူးယစ်ဆေးအန္တရာယ်).စသည့်ခေါင်းစဉ်များဖြင့် အသီးသီးပညာ ပေးဆွေးနွေးပေးကြသည်။
ယင်းနောက် လူငယ်စကားဝိုင်းတွင် စိတ်ဝင်တစားပါဝင်ဆွေးနွေးခဲ့ကြသည့် ကျောင်းသူ/သားများအားတာဝန်ရှိသူများက အမှတ်တရလက် ဆောင်ပေးအပ်ကြပြီး အထက-တနင်္သာရီမှဆရာမ ဒေါ်လှလှမွန် ကျေးဇူးတင်စကားပြောကြားပြီးနောက် မှတ်တမ်းတင်ဓါတ်ပုံရိုက်ကြကာ အခမ်း အနားကို အောင်မြင်စွာ ပြီးဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို လူငယ်လူအရွယ်များ ဗလငါးတန်နှင့်ဘက်စုံ ဖွံ့ဖြိုး၍ အသိပညာဗဟုသုတများတိုးပွါးစေရန်၊ နှုတ်မှုစွမ်းရည်တိုးတက်လာစေရန်၊ စဉ်းစားတွေးခေါ်မှု စွမ်းရည်ရင့်သန်လာစေရန်၊ လူငယ်များအချင်းချင်းအသိပညာအတတ်ပညာများဖလှယ်နိုင်ရန်နှင့် ပူးပေါင်းကူညီဆောင်ရွက်တတ်သည့် အလေ့အထကောင်းများရရှိလာစေရန် စသည့်ရည်ရွယ် ချက်ကောင်းများဖြင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပညာပေးအစီအစဉ်အဖြစ် ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း သိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)