ကောလင်းမြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာတစ်ဦး ထပ်မံတွေ့ရှိ

ကောလင်း စက်တင်ဘာ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ကောလင်းမြို့နယ်တွင် ကိုဗစ်-၁၉  အတည်ပြုလူနာတစ်ဦး ထပ်မံ တွေ့ရှိတယ်လို့ ယမန်နေ့က စစ်ကိုင်းတိုင်းဒေသကြီး ကိုဗစ်-၁၉  ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီက ထုတ်ပြန်ထားပါသည်။

၎င်း ကိုဗစ်-၁၉  အတည်ပြုလူနာသည် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင် နေထိုင်ခဲ့ပြီး  စက်တင်ဘာလ ၅ ရက်နေ့တွင် အောင်မင်္ဂလာ အဝေးပြေးကားကွင်းမှ ရန်ကုန် - ကျွန်းလှ မန္တလာမင်း ခရီးသည်ပို့ဆောင်ရေး မော်တော်ယာဉ်ဖြင့် စီးနင်းလိုက်ပါခဲ့ပြီး စက်တင်ဘာလ ၆ ရက်နေ့ နံနက် ၁၀  နာရီခွဲအချိန်တွင် ကျွန်းလှမြို့သို့ ရောက်ရှိခဲ့ပါသည်။ ထို့နောက် လာကြိုသော ဆိုင်ကယ်ဖြင့် ယင်းတိုက်သို့ တစ်ဦးတည်းစီးနင်းခဲ့ပြီး ယင်းတိုက် ကျေးရွာ၊ ကလေးပျော်ကျောင်း CBFQ သို့ ညနေ ၅ နာရီတွင် ရောက်ရှိခဲ့ကာ Quaratine စောင့်ကြည့် ဆောင်ရွက်ခဲ့ပါသည်။

စက်တင်ဘာလ ၂၀ ရက်နေ့တွင် ကောလင်းမြို့နယ်မှ ယခင် Positive လူနာနှင့်ထိတွေ့ခဲ့သူ ကျန်းမာရေး ဝန်ထမ်းများ၊ ကားအတူစီးခဲ့သူများ၊ စစ်တွေပြန်နှင့် ရန်ကုန်ပြန် ၄၁ ဦး၊ စုစုပေါင်း ၄၇ ဦး၏ Swab နမူနာများအား ကောလင်းမြို့မှ မန္တလေးမြို့ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာဌာနသို့ ပို့ဆောင်စစ်ဆေးခဲ့သည်။

Swab ပေးပို့ထားသူများအနက် ယင်းတိုက်ကျေးရွာ၊ ကလေးပျော်ကျောင်း CBFQ တွင် Quarantine ထားရှိသည့် အသက် ၂၄ နှစ်အရွယ် အမျိုးသမီးတစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ Positive ဖြစ်ကြောင်း သိရှိရပါသည်။

ပိုးတွေ့လူနာ အမျိုးသမီးအား ယနေ့တွင် ကောလင်းမြို့၊ ပြည်သူ့ဆေးရုံရှိ Isolation Room တွင် သီးခြားထားရှိ၍ ကုသဆောင်ရွက်သွားမည်ဖြစ်ပြီး ၎င်းနှင့်ထိတွေ့ဆက်စပ်ခဲ့သူများကို CBFQ ထားရှိခြင်း၊ Swab ရယူကာ စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။ ယခုအချိန်ထိ ကောလင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ Positive ၂ ဦး ရှိနေပြီ ဖြစ်ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)