မကွေးမြို့တွင် လူငယ်စကားဝိုင်းကျင်းပ

မကွေး ဒီဇင်ဘာ ၁၃

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မကွေးမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ပန်းဟေဝန်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမျိုးဇော်က လူငယ်များအနေဖြင့် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန် ဖွံ့ဖြိုးတိုးတက်လာစေရန်၊ အသိပညာဗဟုသုတများ ရရှိစေရန်၊ လူအများကြား စကားပြောစွမ်းရည်များ ထက်မြတ်စေရန်၊ ဉာဏ်ပညာကြီးမားပြီး အတွေးအခေါ် မြင့်မားသည့် လူငယ်များဖြစ်လာစေရန်နှင့် အနာဂတ်နိုင်ငံတော်ကို ဦးဆောင်ဦးရွက်ပြုနိုင်မည့် နိုင်ငံ့သားကောင်းရတနာများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ယခုလိုလူငယ်စကားဝိုင်းများ ကျင်းပ ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မကွေးမြို့နယ်ပညာရေးမှူး ဦးမြင့်သိန်းက ယခုလိုလူငယ်စကားဝိုင်းများ ကျင်းပပေးခြင်းဖြင့် လူငယ်များ ဗဟုသုတကြွယ်ဝပြီး စာဖတ်စွမ်းရည် တိုးတက်လာမည် ဖြစ်ကြောင်း၊ လူငယ်များအချင်းချင်း   ပူးပေါင်းဆောင်ရွက်တတ်သည့် အ‌လေ့အကျင့်ကောင်းများ ရရှိလာစေမှာဖြစ်ကြောင်းနှင့် ယခုလိုလူငယ်စကားဝိုင်းများကို မြို့နယ်အတွင်းရှိ ကျောင်းများတွင် ဆက်လက်ကျင်းပ ပေးစေလိုကြောင်း  ပြောကြားခဲ့သည်။

ဆက်လက်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပရာ လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နှင့်စာဖတ်ခြင်း အကျိုးကျေးဇူး၊ လူငယ်နှင့်ကြီးပွားရေး ခေါင်းစဉ်များဖြင့် မကွေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမောင်မောင်‌ကျော်က ဦးဆောင်ဆွေးနွေး၍ ကျောင်းသား/သူ (၆)ဦး ပါဝင်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် ‌ကျောင်းသား/သူများက သိရှိလိုသည့် အကြောင်းအရာများကို မေးမြန်းဆွေးနွေးကာ ပါဝင်ဆွေးနွေးသည့် ကျောင်းသား/သူ(၆) ဦးအား တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးက အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုအောင်

မကွေးခရိုင် (ပြန်/ဆက်)