တနင်္သာရီမြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသော ခြေခံလူတန်းစား အိမ်ထောင်စု (၈၆၈၄) စုတို့အတွက် (ပဉ္စမ)အကြိမ်၊ ထောက်ပံ့ငွေလွှဲပြောင်းပေးအပ်

တနင်္သာရီ စက်တင်ဘာ ၂၂

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားအိမ်ထောင်စု (၈၆၈၄) စုအတွက် နိုင်ငံတော်မှ (ပဉ္စမ) အကြိမ်အဖြစ် ထပ်မံ ထောက်ပံ့ငွေကျပ် (၂၀၀၀၀) စီကို သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံ လွှဲပြောင်းပေးအပ်ပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ အတွင်း ယနေ့ နံနက် ၁၁ နာရီအချိန်ကပြုလုပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနိုင်နှင့် ဝန်ထမ်းများ၊ မြို့နယ်အတွင်းမှ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေး မှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနိုင်က ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း၊ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော်မှ (ပဉ္စမ) အကြိမ် ထောက်ပံ့ငွေ (၂၀၀၀၀) ကျပ်စီကို အခြေခံလူတန်းစား အမည်စာရင်း မှန်ကန်စွာ အလွဲ အမှားမရှိစေရန် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ ကိုယ်တိုင်ကြီးကြပ်၍ လက်ဝယ် အရောက်ထောက်ပံ့ ပေးကြပါရန်၊ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်များ၌ ကွက်လပ်မကျန် ရှိအောင် ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် လက်ရှိ ကိုဗစ်-၁၉ရောဂါကာလတွင် ဒေသခံ ပြည်သူများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အဓိကလမ်းညွှန်ချက်ဖြစ်သော မိမိနေအိမ်မှာပဲ့နေကြရန်၊ အပြင်ထွက်ပါက နှာခေါင်းစည်းတပ်ပြီးမှ ထွက်ကြရန် အလေးအနက် မှာကြားလိုကြောင်း အမှာစကားပြောကြားပြီး၊ မြို့နယ်အုပ်ချုပ်ရေးမှူးက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများထံ အခြေခံလူတန်းစားအိမ်ထောင်စု (၈၆၈၄) စုအတွက်၊ ထောက်ပံ့ငွေ (၂၀၀၀၀) ကျပ်စီဖြင့် စုစုပေါင်း ထောက်ပံ့ငွေ (၁၇၃၆,၈၀၀၀၀) ကျပ်ကို လွှဲပြောင်း ပေးအပ်ခဲ့သည်။

ဆက်လက်၍ ၎င်းရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက မိမိတို့ကျေးရွာ အုပ်စုအတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုအမည်စာရင်းများနှင့် အရေအတွက် အတိုင်း အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တနင်္သာရီမြို့နယ်အတွင်းရှိ အခြေခံလူတန်းစားအိမ်ထောင်စု (၇၁၂၅) စုအတွက် နိုင်ငံတော်မှ အခြေခံစားကုန် (၅) မျိုးကို ၂၀၂၀ပြည့်နှစ်၊ ဧပြီလ (၁၀) ရက်က (ပထမ) အကြိမ်အဖြစ်၊ သင်္ကြန်ကာလ၌ စားသောက်မှုအဆင်ပြေစေရန်အတွက် ထောက်ပံ့ပေးအပ်ခဲ့ပြီး၊ ထိုသို့(ပထမ) အကြိမ် စာရင်းကောက်ယူရာမှာ ကျန်ရှိခဲ့သောအိမ်ထောင်စု (၁၅၅၉) စုအား ၂၀၂၀-ဇွန်လ (၂၆) ရက်က (ဒုတိယ) အကြိမ်အဖြစ် ထောက်ပံ့ငွေကျပ် (၁၅၀၀၀) စီကိုလည်းကောင်း၊ အလားတူ (ပထမ) အကြိမ်နှင့် (ဒုတိယ) အကြိမ်မှ အိမ်ထောင်စုနှစ်ရပ်ပေါင်း (၈၆၈၄) စုတို့အား (တတိယ) အကြိမ်အဖြစ်၊ ထောက်ပံ့ငွေကျပ် (၂၀၀၀၀) စီကို ၂၀၂၀ပြည့်နှစ်၊ ဇူလိုင်လ (၂၇) ရက်ကလည်းကောင်း၊ ဩဂုတ်လ၁၇ရက်က (စတုတ္ထ) အကြိမ်အဖြစ် (၂၀၀၀၀) ကျပ်စီကို လည်းကောင်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများထံ လွှဲပြောင်း ပေးအပ်ခဲ့ပြီးဖြစ်ကြောင်းနှင့် ယနေ့တွင် (ပဉ္စမ) အကြိမ်အဖြစ် (၂၀၀၀၀) ကျပ်စီကို ထပ်မံ လွှဲပြောင်း ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)