ကလိန်အောင် ဒီဇင်ဘာလ ၁၃
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပုံပြင်ပြောပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ (၂) နာရီအချိန်က ပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာနမှ ဒု-ဦးစီးမှူး (တာဝန်ပေး) ဒေါ်ခင်ခင်လဲ့က ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများရရှိစေရန် ၊ စာဖတ်ပရိသတ်များ ပိုမိုတိုးပွားလာစေရန်၊ အတွေးအခေါ်အသိမြင်များ ဖလှယ်တတ်စေရန်၊ စာပေဖတ်ရှုခြင်းမှ အသိအမြင်ဗဟုသုတများ တိုးပွားလာစေရန်၊ ပြည်သူများ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ စာပေမှရရှိသော ဗဟုသုတများဖြင့် လူမှုပတ်ဝန်း ကျင်များ၌ အသုံးချတတ်လာစေရန်၊ စာပေဖတ်ရှုလေ့လာခြင်းအားဖြင့် မိမိကိုယ်ကိုယ်ကို ယုံကြည်မှုရှိလာပြီး အမှားအမှန်များကို ဝေဖန်ပိုင်းခြား နိုင်စေရန်၊ စာအုပ်စာပေချစ်မြတ်နိုး သူများ ပိုမိုတိုးပွားလာစေရန်စသည့်ရည်ရွယ်ချက်များကို ရှင်းလင်းပြောပြခဲ့သည်။
ပြိုင်ပွဲတွင် အ-ထ-က၊ ကလိန်အောင်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက စာရေးဆရာ မောင်မဟာ ရေးသားပြုစုသည့် "မိဘမေတ္တာနှင့်အခြားပုံပြင်များ"ထဲက "မိဘမေတ္တာ" ပုံပြင်လေးကို ပါဝင်ယှဉ်ပြိုင်ကြပြီး အကောင်းဆုံး ပါဝင်ယှဉ်ပြိုင်နိုင်သူ ကျောင်းသား၊ ကျောင်းသူများ ကို အမှတ်တ လက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
လူမင်းအောင် (ကလိန်အောင်)