ဘိုကလေး ဒီဇင်ဘာ ၁၃
လူငယ်များအတွက် ဘက်စုံကဏ္ဍဖွံ့ဖြိုး တိုးတက်စေရေးနှင့် လူငယ်အချင်းချင်း အသိပညာ၊ ဗဟုသုတ နှီးနှောဖလှယ်နိုင်စေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ ဘိုကလေး ပညာရေးဒီဂရီကောလိပ်၊ ပညာဂုဏ်ရည်ခန်းမတွင် ယနေ့နံနက်(၉)နာရီ၌ လူငယ်စကားဝိုင်း ကျင်းပဆောင်ရွက်သည်။
အဆိုပါ လူငယ်စကားဝိုင်းအား မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘိုကလေးပညာရေး ဒီဂရီကောလိပ်တို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး စကားဝိုင်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်း၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သီတာအောင်နှင့် ဝန်ထမ်းများ၊ ဘိုကလေးပညာရေးဒီဂရီကောလိပ်၊ ကျောင်းအုပ်ကြီး ဒေါ်ခင်ချိုမြင့်နှင့် ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများ၊ နည်းပြများ၊ သင်တန်းသား/သူများ စုစုပေါင်းအင်အား(၃၅၀)ခန့် တက်ရောက်ကြသည်။
စကားဝိုင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းက လူငယ်များအနေနှင့် စာများများ ဖတ်ရန်လိုအပ်ကြောင်း၊ အနာဂတ်ရဲ့ ခေါင်းဆောင်များ ဖြစ်လာမည့်လူငယ်များအနေဖြင့် စာပေအသိပညာဖွံ့ဖြိုးတိုးတက် ပြည့်ဝနေပါမှ နိုင်ငံကို အကောင်းဆုံး ဦးဆောင်နိုင်မည့်သူများ ဖြစ်လာမည်ဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားသည်။
ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သီတာအောင်က စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ဘိုကလေးပညာရေးဒီဂရီကောလိပ်မှ သင်တန်းသား/သူ (၆)ဦးနှင့်အတူ “လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့် ကိုယ်ကျင့်တရား၊ လူငယ်နှင့်စည်းကမ်း၊ လူငယ်နှင့် ပြောဆိုဆက်ဆံရေး၊ လူငယ်နှင့်တန်ဖိုး၊ လူငယ်နှင့်ကျင့်ဝတ်” စသည့် ခေါင်းစဉ်များဖြင့် ပြည့်စုံစွာဆွေးနွေးပြောကြားခဲ့ပြီးနောက် ဘိုကလေးပညာရေးဒီဂရီကောလိပ်မှ တွဲဖက်ပါမောက္ခ ဒေါ်ဝင်းဝင်းရွှေမှ ယခုကျင်းပသည့် စကားဝိုင်းသည် လူငယ်များအတွက် တန်ဖိုးမဖြတ်နိုင်သော စကားဝိုင်းတစ်ခုဖြစ်ကြောင်း၊ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခုကဲ့သို့သော စကားဝိုင်းများ မကြာခဏ ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း နိဂုံးချုပ်စကားပြောကြားခဲ့သည်။
ဘိုကလေးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ လူငယ်အချင်းချင်း တတ်သိပညာများ နှီးနှောဖလှယ်နိုင်ရေးအတွက် အခြေခံပညာကျောင်းများ၊ လူငယ်အဖွဲ့အစည်းများနင့် ချိတ်ဆက်ပူးပေါင်း၍ လူငယ်စကားဝိုင်းများ မကြာခဏ ကျင်းပဆောင်ရွက်ရန်ရှိကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သီတာအောင်ထံမှ သိရသည်။
မိုးစက်(ဘိုကလေး)