ရှမ်းရွာသစ် ဒီဇင်ဘာ ၁၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြိုအထိမ်းအမှတ် မူလတန်းအဆင့် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက်(၁၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်ဇင်မိုးအေးက မြန်မာနိုင်ငံ၏နေ့ထူးနေ့မြတ်များကို ကျောင်းသား/သူလေးများအနေဖြင့် အစဉ်အမြဲအောက်မေ့စေရန်၊ နေ့ထူးနေ့မြတ်များအကြောင်း ဗဟုသုတရရှိစေရန်နှင့် စဉ်းစားတွေးခေါ်မှုအားကောင်းစေရန် ရည်ရွယ်ချက်များဖြင့် ပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီးနောက် အပ်ထိုးပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲနှင့်လွန်ဆွဲပြိုင်ပွဲများကို ဆက်လက်ဆောင်ရွက်ပေးခဲ့ရာ အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား/သူ (၂၀)ဦးပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကို လည်း အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများနှင့် အားကစားပြိုင်ပွဲများကို လည်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)