နိုင်ငံတော်အစိုးရ သာသနဓဇ ဓမ္မာစရိယ ဘွဲ့တံဆိပ်တော်ရ အရှင်ပညာသာမိ အား ဂုဏဝိသိဌပူဇာ ချီးကျူးဂုဏ်ပြုပွဲ ကျင်းပမည်

ကျောင်းကုန်း ဒီဇင်ဘာ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ မဟာဝိသုတာရာမ (ဥယျဉ်ကြီး)ကျောင်းတိုက် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပဏ္ဍိစ္စ၏တပည့် သာသနဓဇ ဓမ္မာစရိယ ဘွဲ့တံဆိပ်တော်ရ အရှင်ပညာသာမိ၏ ဂုဏဝိသိဌပူဇာ ချီးကျူးဂုဏ်ပြုပွဲအခမ်းအနားကို လာမည့်ဒီဇင်ဘာလ(၂၄)ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်သွားဖြစ်ကြောင်း ပူဇော်ပွဲဖြစ်မြောက်ရေး ကော်မတီထံက သိရသည်။

အရှင်ပညာသာမိလောင်းလျာကို မန္တလေးတိုင်းဒေသကြီး၊ ပုဂံညောင်ဦးမြို့နယ်၊ တောင်ဇင်အုပ်စု၊ ကုန်းရွာကျေးရွာနေ ဖခမည်းတော် ဦးဘိုအေး၊ မယ်တော် ဒေါ်သန်းဝေတို့မှ (၂၄.၂.၁၉၉၃)ခုနှစ် ကြာသပတေးနေ့တွင် ဖွားမြင်သော သားရတနာဖြစ်ပြီး၊ မွေးချင်းငါးယောက်အနက် တတိယမြောက် ဖြစ်သည်။ ငယ်နာမည်မှာ မောင်ပြည့်ဖြိုးအောင် ဖြစ်ပြီး၊ ကုန်းရွာကျေးရွာ ဗဟိုစည်ကျောင်းဆရာတော် ဘဒ္ဒန္တဝိစာရကို ဥပဇ္ဈယ်ပြုလျက် ခမည်းတော်နှင့် မယ်တော်တို့၏ ပစ္စယာနုဂ္ဂဟကိုခံယူကာ ရှင်သာမဏေအဖြစ်သို့ ရောက်ရှိတော် မူခဲ့ပါသည်။

(၁၄.၅.၂၀၁၄)ရက်နေ့တွင် ရန်ကုန်မြို့၊ ဒဂုံမြို့သစ်တောင်ပိုင်း  နိကာယ်စာသင်တိုက်အတွင်းရှိ ခဏ္ဍသိမ်တော်ကြီး၌ ပညာလင်္ကာရကျောင်းဆရာတော် ဘဒ္ဒန္တဥက္ကံကို ဥပဇ္ဈယ်ပြုလျှက် ဒဂုံမြို့သစ်တောင်ပိုင်း၊ အောင်သုခလမ်းနေ ဦးကြည်မောင်ဝင်း+ဒေါ်ခင်ဌေးဌေးတို့၏ ပစ္စယာနုဂ္ဂဟကိုခံယူကာ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိတော်မူခဲ့ပြီး၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရမှ ကြီးမှူးကျင်းပသော ပထမငယ်တန်း၊ ပထမ လတ်တန်း၊ ပထမကြီးတန်း၊ နိကာယပရိယတ္တိစာမေးပွဲ၊ ပထမလတ်၊ ပထမကြီးတန်း၊ အစိုးရသာသနဓဇ ဓမ္မာစရိယစာမေးပွဲတို့ကို ဖြေဆိုအောင်မြင်ခဲ့ပါသည်။

အဆိုပါ ဂုဏဝိသိဌပူဇော်ပွဲအဆိုရှင် မေသက်ထားဆွေနှင့်အဖွဲ့က ဒီဇင်ဘာလ(၂၃)ရက်နေ့ ညပိုင်းနှင့် (၂၄)ရက်နေ့ နံနက်ပိုင်းတို့တွင် ဧည့်ခံသီဆိုသွားမည် ဖြစ်ကြောင်းနှင့် ရပ်နီးရပ်ဝေးမှ သူတော်ကောင်းအပေါင်းတို့ကလည်း ဂုဏဝိသိဌပူ‌ဇာ ပုညမင်္ဂလာနှင့် သိက္ခာထပ်မင်္ဂလာသို့ ကြွရောက်လှူဒါနိးချီးမြှင့်နိုင်ပါကြောင်း အကျိုးဆောင်တစ်ဦးက ပြောသည်။

ဝင်းကြိုင်(ပြန်/ဆက်)