ပဲခူး ဒီဇင်ဘာ ၁၃
ပဲခူးတိုင်းဒေသကြီးအတွင်း ဥပဒေနှင့်အညီ နေထိုင်လျက်ရှိသူများအား Cross-Check စစ်ဆေးခြင်းလုပ်ငန်းနှင့်မှတ်ပုံတင်(၂)ကြိမ်၊ (၃)ကြိမ်နှင့်အထက် ထပ်နေသူများနှင့်စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီက ပဲခူးမြို့ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ပဲခူးတိုင်းဒေသကြီး နယ်မြေတာဝန်ခံဦးစိုးဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး E-Government ဌာနမှ ညွှန်ကြားရေးမှူး ဦးမြတ်ထွန်းဦးက မှတ်ပုံတင်(၂)ကြိမ်၊ (၃)ကြိမ်နှင့်အထက် ထပ်နေသူများနှင့်စပ်လျဉ်း၍ လုပ်ဆောင်ချက်များကို ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးဦးအောင်မင်းက မြေပြင်လူဦးရေစာရင်းတိုက်ဆိုင်စစ်ဆေးခြင်းနှင့် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်း သင်တန်းဆိုင်ရာများနှင့် ရွေးကောက်ပွဲကော်မရှင်မှ ပေးပို့လာသော ပဲခူးတိုင်းဒေသကြီး၏ မြေပြင်လူဦးရေစာရင်းအား ကနဦးစိစစ်တွေ့ရှိမှု အခြေအနေအပေါ်ရှင်းလင်းတင်ပြခဲ့သည်။
ယင်းနောက် တက်ရောက်လာကြသော ခရိုင်နှင့်မြို့နယ်များမှ တာဝန်ရှိသူများက လိုအပ်သည်များတင်ပြခဲ့ကြပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ပဲခူးတိုင်းဒေသကြီးနယ်မြေတာဝန်ခံဦးစိုးဦးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ပဲခူးတိုင်းဒေသကြီး နယ်မြေတာဝန်ခံဦးစိုးဦး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး E-Government ဌာနမှ ညွှန်ကြားရေးမှူးဦးမြတ်ထွန်းဦး၊ ပဲခူးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးဦးအောင်မင်းနှင့် တိုင်းဒေသကြီးအဆင့်တာဝန်ရှိသူများ ခရိုင်/ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
သက်ဖြိုးကြိုင် (ခရိုင်၊ ပြန်/ ဆက်)