နတ်မောက် ဒီဇင်ဘာ ၁၃
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ချောင်းနက်ကျေးရွာရှိ တောင်သူဦးထွန်းပ၏ မိုးနှောင်း ဆင်းရွှေကြာ-၂ နေကြာစံကွက်တစ်ဧက စိုက်ခင်းအား ယမန်နေ့နံနက်ပိုင်းက ရိတ်သိမ်းခဲ့သည်။
အဆိုပါစံကွက်ရိတ်သိမ်းရာသို့ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဦးစီးအရာရှိ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ တောင်သူများပူးပေါင်းပြီး တစ်ဧကစံကွက်ရိတ်သိမ်းခဲ့ရာ တစ်ဧကမိုးနှောင်း ဆင်းရွှေကြာ-၂ နေကြာအထွက်နှုန်း (၂၃.၄၃) တင်းနှုန်းထွက်ရှိခဲ့ကြောင်းသိရသည်။
နိုင်ငံတော်၏ ဆီထွက်သီးနှံကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နေကြာတိုးချဲ့စိုက်ပျိုးပြီး စားသုံးဆီဖူလုံရေးအတွက် အဓိကထားဆောင်ရွက်ရာတွင် မိုးဦး၊ မိုးလယ်၊ မိုးနှောင်းကာလများတွင် လျာထားစိုက်ပျိုးသည့်အပြင် ဆောင်းနေကြာများလည်း တိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်းနှင့် ဆီထွက်သီးနှံနေကြာစိုက် မျိုးစေ့များထောက်ပံ့ပေးခြင်း၊ သဘာ၀ပိုးသတ်ဆေးနှင့် ယူရီးယားဓာတ်မြေဩဇာများ ထောက်ပံ့ပေးလျက်ရှိပြီး တောင်သူအသိပညာပေးလုပ်ငန်းများကိုလည်း ကွင်းဆင်းဆောင်ရွက်လျက်ရှိပါကြောင်း စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချိုထံက သိရသည်။
မူမူစန်း (ပြန်/ ဆက်)