ကျောက်ကြီးမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ

ကျောက်ကြီး   ဒီဇင်ဘာ   ၁၃

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး Talk Show ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်အိအိမွန်က ကျောက်ကြီးမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာနှင့်ပတ်သက်ပြီး မေးခွန်းများမေးမြန်းဆွေးနွေးခဲ့ရာ လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်ချိုချိုဇော်က မည်သည့်အလုပ်မျိုးကိုမဆို အသက်(၁၄)နှစ်အောက် ကလေးများအား လုပ်ကိုင်ခွင့်မပြုရန် ဥပဒေများက တင်းကြပ်စွာတားမြစ်ထားကြောင်း၊ ကလေးသူငယ်တိုင်းတွင် အခွင့်အရေးများရှိပါကြောင်း၊ ကလေးသူငယ်အခွင့်အရေးများကို အကာအကွယ်ပေးခြင်းနှင့် လေးစားမှုရှိခြင်းသည် အနာဂတ်လူမှုအဖွဲ့အစည်းအတွက် အရေးပါသောရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်ကြောင်း၊ ကလေးသူငယ်များကို မည်သည့်ကလေးအလုပ်သမားပုံစံမျိုးနှင့်မဆိုခိုင်းစေ၍မရကြောင်း၊ လုပ်ငန်းအမျိုးမျိုးနှင့် လုပ်ငန်းခွင်များအားလုံးတွင် ကလေးများကို ကာကွယ်စောင့်ရှောက်မှုနှင့် လုံခြုံမှုအပြည့်ပေးရမည်ဖြစ်ကြောင်း၊ အလုပ်လုပ်သောကလေးများအား သူတို့၏အတွေ့အကြုံနှင့် ထင်မြင်ယူဆချက်များ ပြောဆိုခွင့်ပေးရန်နှင့် ပြောဆိုမှုကိုလေးစားရမည်ဖြစ်ကြောင်း၊ ကလေးများကျောင်းစာဆက်သင်နိုင်ရန်ကူညီပေးရန်နှင့် အသက်မွေးဝမ်းကြောင်းသင်တန်းပို့ပါက အလုပ်သင်အဖြစ်ထိရောက်စွာစီစဉ်ပေးရန်လိုကြောင်း၊ နိုင်ငံတော်က ကလေးအလုပ်သမားနှင့်ပတ်သက်သည့် အခွင့်အရေးဆိုင်ရာမူများချမှတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စက်ရုံ၊ အလုပ်ရုံ၊ ဆိုင်နှင့် အလုပ်ဌာနပိုင်ရှင်များသည် အလုပ်သမားရေးရာဥပဒေများကို လိုက်နာရန်လိုပြီး၊ အလုပ်လုပ်သည့် ကလေးများကို ရုပ်ပိုင်း၊ စိတ်ပိုင်း၊ လိင်ပိုင်းနှင့် အခြားမတော်မတရားဖြစ်မှု ပုံစံအမျိုးမျိုးမှ အကာအကွယ်ပေးရေးသည် လုပ်ငန်းပိုင်ရှင်အားလုံး၏တာဝန်ဖြစ်ကြောင်း၊ လုပ်ငန်းပိုင်ရှင်အားလုံးသည် အလုပ်လုပ်သောကလေးများအား နားနေရန်နေရာ စီစဉ်ပေးပြီး နားနေခွင့်ပေးရမည်ဖြစ်ကြောင်း၊ အဆိုးဝါးဆုံးပုံစံဖြင့် ကလေးသူငယ်များအားရောင်းချခြင်း၊ ကျွန်ပြုခြင်း၊ ကျွန်ကဲ့သို့ခိုင်းစေခြင်း၊ လူကုန်ကူးမှုကျူးလွန်ခြင်း၊ ကြွေးမြီဖြင့်နှောင်ဖွဲ့ခိုင်းစေခြင်း၊ လက်နက်ကိုင်ပဋိပက္ခအသုံးချရန်၊ အဓမ္မ(သို့မဟုတ်)မလုပ်မနေရစုဆောင်ခြင်း၊ မူးယစ်ဆေးဝါးနှင့် ပြည့်တန်ဆာလုပ်ငန်းများတွင် အဓမ္မခိုင်းစေခြင်းများတွေ့ရှိပါက ဥပဒေအရ အရေးယူမှုပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်