ပေါက်ခေါင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ အခြေခံဆောင်းပါးရေးသားနည်းသင်တန်းဖွင့်လှစ်

ပေါက်ခေါင်း     ဒီဇင်ဘာ     ၁၃

ပေါက်ခေါင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက အခြေခံဆောင်းပါးရေးသားနည်းသင်တန်း ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။

သင်တန်းတွင်ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ချစ်နှင်းသုန်က သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်အားရှင်းလင်းပြောကြားပြီး သင်တန်းဆရာမ   မလေးချို(ပေါင်းတည်)က သင်တန်းသား၊ သင်တန်းသူများအား ဆောင်းပါး၏သဘော၊ ဆောင်းပါး၏အဓိပ္ပါယ်၊ စာစီစာကုံးကိုအခြေခံ၍ ခေါင်းစဉ်၊ နိဒါန်း၊ စာကိုယ်၊ နိဂုံးစသည့်တစ်ပိုဒ်ချင်းစီတွင်ရေးသားရမည့် အကြောင်းအရာများနှင့် မိမိရေးသားမည့်အကြောင်းအရာရွေးချယ်ပုံများကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ သင်တန်းဆရာမ မလေးချို(ပေါင်းတည်)က ဆောင်းပါးဆရာ/ဆရာမကြီးများ၏အမည်နာမများနှင့်ဓာတ်ပုံများ၊ ဆရာမရေးသားခဲ့သည့် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်ဆောင်းပါးကို သင်တန်းသား၊ သင်တန်းသူများအား ရွတ်ဆိုဖတ်ကြားပြခဲ့သည်။ သင်တန်းဆရာမကြီးမှ သင်တန်းသားများအား အခြေခံဆောင်းပါးရေးသားနည်းများကို စနစ်တကျသင်ကြားပြသပေးခဲ့သည်။

အဆိုပါသင်တန်းသို့ ဉာဏ်ပွင့်ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၂၀)ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ဒီဇင်ဘာ ၁၃ ရက်မှ ၁၄ ရက်ထိ (၂)ရက်ကြာသင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)