လိပ်သို ဒီဇင်ဘာ ၁၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုဒေသသည် တောင်ကုန်းတောင်တန်း ထူထပ်ပေါများပြီး ဒေသခံတောင်သူများမှာ ဥယျာဉ်ခြံလုပ်ငန်းများကို အဓိကထား လုပ်ကိုင်ကြသော်လည်း ယခင်နှစ်များက နနွင်းတက်များ ဈေးကောင်းရရှိခဲ့ကြ၍ ယခုနှစ်တွင် နနွင်းများကို တိုးချဲ့ စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ဒေသခံများမှ ယခင်ကာလများက အိမ်၌စားသုံးရန် တစ်နိုင်တစ်ပိုင် စိုက်ပျိုးခဲ့ကြရာမှ ယခုအခါ စီးပွားဖြစ်တိုးချဲ့စိုက်ပျိုးလာကြပြီး ယခုနှစ်တွင် ဆောလျင်စွာ စတင်တူး ဖော်ရောင်းချလျက် ရှိကြောင်း သိရသည်။ အချို့တောင်သူများမှာ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလ နနွင်းတက်များ ရင့်မှည့်ချိန်ရောက်မှ စတင်တူးဖော်ကြပြီး စနစ်တကျအခြောက်ပြုလုပ်ကာ သိုလှောင်ရောင်းချ ကြကြောင်း သိရသည်။
နနွင်းဈေးကွက်တွင် ဈေးနှုန်းသတ်မှတ်ရောင်းဝယ်မှုမရှိသေးသော်လည်း မိသားစု စားဝတ်နေရေး အတွက် လိုအပ်ချက်အရ ဆောလျင်စွာ တူးဖော်ရောင်းချ၍ ဝယ်လက်များကလည်း ခန့်မှန်း ဈေးနှုန်းဖြင့် နနွင်းတက်အစိုတစ်ပိဿာကို (၃၀ဝ) ကျပ်မှ (၅၀၀) ကျပ်အထိ ခန့်မှန်းဝယ်ယူ လျက်ရှိကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)