လိပ်သို ဒီဇင်ဘာ ၁၃
(၇၅) နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ်အဖြစ် ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် (၉) နာရီခွဲအချိန်က အနာဂတ်မျိုးဆက်သစ် ကျောင်းသားလူငယ်များအား (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ နှင့် ခါးလှည့်ပြိုင်ပွဲများ ကျင်းပပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင် က မြန်မာနိုင်ငံလွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် လွတ်လပ်ရေး၏ အဓိပ္ပယ်၊ မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်နေ့များကို ကျောင်းသား/ကျောင်းသူလေးများအနေဖြင့် အစဉ်အမြဲ အောက်မေ့စေရန်၊ နေ့ထူးနေ့မြတ်များအကြောင်း၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး စသည့် ခေါင်းစဉ်များဖြင့် အသိပညာပေးဟောပြောခဲ့ပြီး ကာယ၊ ဉာဏစွမ်းရည်များ တိုးတက်မြင့်မား လာစေရန်ရည်ရွယ်၍ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ခါးလှည့်ပြိုင်ပွဲများကို ဆက်လက်ဆောင်ရွက် ပေးခဲ့ရာ မူလတန်းအဆင့်ကလေးငယ် (၁၀) ဦးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ကလေးငယ် များအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ပုံဆွဲဗလာစာအုပ်နှင့် အဟာရမုန့်များ ဝေငှပေးခဲ့ကြောင်း သိရသည်။
လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကိုလည်း ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)