သရက် ဒီဇင်ဘာ ၁၃
မကွေးတိုင်းဒေသကြီး သရက်မြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများမှ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပေါက်ပင်ကျေးရွာအုပ်စုမှ ပြည်သူများနှင့်တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ပေါက်ပင်ကျေးရွာဘုန်းကြီးကျောင်းတွင် ဆောင်ရွက်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျေးရွာနေပြည်သူများ တက်ရောက်ကြသည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးက ဒေသဖွံ့ဖြိုးရေး၊ တရားဥပဒေစိုးမိုးရေး၊ မြို့မရဲစခန်းမှူးက နယ်မြေလုံခြုံရေး၊ မှုခင်းလျော့နည်းကျဆင်းရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာရေးနှင့် မြို့နယ်မီးသတ်ဦးစီးမှူးက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးတို့ကို ပညာပေးဟောပြောပြီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ကျေးရွာပြည်သူများမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လိုအပ်ချက်များ တင်ပြဆွေးနွေးကြရန် ပြောကြားသည်။
ထို့နောက် ကျေးရွာပြည်သူများ၏ တင်ပြမှုများအပေါ် အခြေခံပညာဦးစီးဌာန၊ မြေစာရင်းဦးစီးဌာန၊ မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် ကျန်းမာရေးဦးစီးဌာနတို့မှ သက်ဆိုင်ရာဌာနများအလိုက် ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ပေးမှု အခြေအနေများအား ရှင်းလင်းပြောကြားသည်။ ထို့နောက်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှုးရုံးမှ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြုလုပ်ခြင်းနှင့် ကျန်းမာရေးဦးစီးဌာနမှ အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)