ငရုတ်ကောင်းမြို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်

ငရုတ်ကောင်း ဒီဇင်ဘာ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလင်းကိုကိုနှင့် တာဝန်ရှိသူများသည် ယနေ့နံနက် ၈ နာရီက ငရုတ်ကောင်းမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် မြို့အဆင့် ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပြီး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊  ဌာနဆိုင်ရာများ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ၊ လုံခြုံရေးကိစ္စရပ်များ၊ ဒေသလိုအပ်ချက်များ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၊ စိုက်ပျိုးစရိတ်ချေး ငွေကိစ္စရပ်များ၊ ငရုတ်ကောင်းမြို့အား Clean City၊ Green City၊ Smart City ဖြစ်လာစေရေး အခြေအနေများအား ဆွေးနွေး ခဲ့ကြသည်။

ဆက်လက်ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလင်းကိုကိုနှင့် တာဝန်ရှိသူများသည် ငရုတ်ကောင်းမြို့၊ မိုးတိမ်ပြင်ကျေးရွာအုပ်စု၊ သက္ကယ်ပြင်ကွင်းကျေးရွာတွင် ယနေ့နံနက် ၁၀ နာရီက၂၀၂၂-၂၀၂၃ခုနှစ်၊ ဆောင်းသီးနှံ နေကြာမျိုးစေ့ ပေးအပ်ပွဲနှင့် မျိုးစေ့ချ စိုက်ပျိုးပွဲ အခမ်းအနားသို့ တက်ရောက်ပြီး တောင်သူများထံသို့ ဆောင်းသီးနှံနေကြာမျိုးစေ့များကို ပေးအပ်ခဲ့ကြသည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလင်းကိုကိုနှင့် တာဝန်ရှိသူများ၊ တောင်သူများတို့မှ ဆောင်းသီးနှံနေကြာ လက်တွေ့စိုက်ပျိုးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ငရုတ်ကောင်း(ပြန်/ဆက်)